ဧပြီမှာစပြီး အခွန်နှုန်းအသစ်နဲ့ ကောက်ခံမယ်

  • 20 ဖေဖော်ဝါရီ 2016
Image caption လစာ တစ်နှစ်ကို ၄၈ သိန်း အထက် ဆိုရင်တော့ ဝင်ငွေခွန်ကို တွက်ချက် ပေးရမှာ ဖြစ်

၂၀၁၆ ဧပြီလ ၁ ရက်နေ့ဖြစ်တဲ့ ဘဏ္ဍာနှစ်စကပြီး လစာဝင်ငွေခွန်နဲ့ ဇိမ်ခံပစ္စည်း ၁၆ မျိုးတို့ကို အခွန်နှုန်းထားအသစ်နဲ့ စတင် ကောက်ခံတော့မှာဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့က စတင်မယ့် လစာ အခွန်နှုန်းထားထဲမှာ တစ်လကို ၄ သိန်းရပြီး တစ်နှစ်ဆိုရင် ၄၈ သိန်းထက် မကျော်တဲ့ သူတွေ ဝင်ငွေခွန် ပေး ဆောင်စရာ မလိုတော့ဘူး လို့ အခွန်နှုန်း ထား အသစ် ပြဋ္ဌာန်း လိုက်တာ ဖြစ်ပါတယ်။

အခွန်နှုန်းထား အသစ်ပြဋ္ဌာန်း လိုက်တာနဲ့ပတ်သက်ပြီး ပြည်တွင်း အခွန်ဦးစီး ဌာနက ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းက ဝန်ထမ်း လောကမှာ ဆိုရင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူး အထိ အခွန် ပေးဆောင်စရာ မလိုတော့ဘူးလို့ ပြောပါတယ်။

လစာ တစ်နှစ်ကို ၄၈ သိန်း အထက် ဆိုရင်တော့ ဝင်ငွေခွန်ကို တွက်ချက် ပေးရမှာ ဖြစ်ပါတယ်။

အဲဒီမှာလည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက အကင်းလွတ်ခွင့်ရမှာ ဖြစ်ပြီး အတူနေတဲ့ မိဘ တစ်ဦးကို ၁၀ သိန်းစီနဲ့ အိမ်ထောင်ဘက် က ၁၀ သိန်းစီနဲ့သားသမီး တစ်ဦးကို ၅ သိန်းစီ သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

သက်သာခွင့်တွေ နှုတ်ပြီး အခွန်ပေးရမယ့် နှုန်း ၅ ရာခိုင်နှုန်း ကနေ စပြီး အမြင့်ဆုံး ၂၅ ရာခိုင်နှုန်း အထိ အခွန်ပေးဆောင် ရမှာ ဖြစ်ပါတယ်။

ဇိမ်ခံပစ္စည်း ထုတ်ကုန်မှာလည်း အထူး ကုန်စည်ခွန်အဖြစ် လာမယ့်ဧပြီလ ၁ ရက်နေ့က စပြီး ကောက်ခံမှာ ဖြစ်ပါတယ်။

စီးကရက် ၊ ဆေးရွက်ကြီးနဲ့ဆေးပေါလိပ် ၊ အရက်၊ ဘီယာ၊ ဝိုင်၊ သစ်လုံးနဲ့ သစ်ခွဲသား၊ ကျောက်မျက် ရတနာ အရိုင်းနဲ့အချောထည်၊ ဇိမ်ခံကားနဲ့ လောင်စာဆီ စတဲ့ ကုန်ပစ္စည်း ၁၆ မျိုးကို အခွန် ကောက်ခံမှာ ဖြစ်ပါတယ်။

ကောက်ခံမယ့် နှုန်းထား အသစ်နဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်း က အခုကောက်ခံတဲ့ အခွန်တွေက တိုက်ရိုက် ကောက်ခံတဲ့ အခွန် ဖြစ်တယ်လို့ ပြောပါတယ်။

သွယ်ဝိုက်ခွန်ဖြစ်တဲ့ ဈေးဝယ်သူက ပေးရတဲ့အခွန်တွေကိုလည်း အနာဂတ်မှာ ကောက်ခံနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ