နိုင်ငံပိုင်မီဒီယာတွေရဲ့ ရှေ့ရေး ဆွေးနွေး

  • 21 ဖေဖော်ဝါရီ 2016
newspapers ဓာတ်ပုံ မူပိုင် Getty
Image caption နိုင်ငံပိုင် သတင်းစာတွေအကြောင်း ဆွေးနွေး

နိုင်ငံပိုင် မီဒီယာတွေကို ဒီပုံစံအတိုင်း ဆက်မရပ်တည်သင့်တော့ဘူးလို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မဇ္ဈိမ မီဒီယာ နဲ့ Action Aid တို့ ပူးပေါင်းကျင်းပတဲ့ "မြန်မာနိုင်ငံ၏ မီဒီယာဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒ စကားဝိုင်း"မှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မုံရွာဦးအောင်ရှင်က ပြောခဲ့တယ်လို့ ဒီစကားဝိုင်းကို တက်ရောက်ခဲ့တဲ့ စာနယ်ဇင်းကောင်စီအဖွဲဝင် ဦးမြင့်ကျော်က ပြောပါတယ်။

နိုင်ငံပိုင် မီဒီယာတွေနဲ့ပတ်သက်ပြီး တချို့ ထားသင့်တဲ့အရာတွေကို ဆက်ထားပြီး ဖျက်သိမ်းသင့်တာ ဖျက်ရမယ်ဆိုတဲ့ အမြင်ရှိတယ်လို့ ဦးအောင်ရှင်က ပြောကြောင်း ဦးမြင့်ကျော်က ပြန်ပြောပြပါတယ်။ ဒါပေမယ့် အတိအကျတော့ မပြောဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် အချိန် သိပ်မဆွဲသင့်သလို ပြည်တွင်းဈေးကွက်မှာ အသာစီးရယူထားတဲ့ နိုင်ငံပိုင် သတင်းစာတွေကို ပုဂ္ဂလိပိုင် ပြုလုပ်ရေး ဒါမှမဟုတ် အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းရေးအတွက်လည်း တက်ရောက်လာသူတွေက ဆွေးနွေးခဲ့တယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းမီဒီယာဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ဥပဒေပိုင်းတွေမှာ NLD အနေနဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ကိုလည်း တချို့က ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။