တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ သွားမယ်။

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်တွေ ဘေဂျင်းမြို့မှာ တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိ

မြန်မာနိုင်ငံက တိုင်းရင်းသား ပါတီ ၄ ခုဟာ တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ ဖိတ်ကြားချက် နဲ့ ဖေဖော်ဝါရီလ ၂၄ရက် နေ့မှာ တရုတ်ပြည်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အခု ဖိတ်ကြားခံရတဲ့ အထဲမှာ ရခိုင် အမျိုးသား ပါတီ၊ ချင်း အမျိုးသား ပါတီ၊ ရှမ်း အမျိုးသား ဒီမိုကရက်တစ်နဲ့ ကရင် အမျိုးသား ပါတီ တို့ ပါဝင်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၂၀ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု သွားရောက်မယ့် မြန်မာ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်ပြည်ကို ရောက်တဲ့ အခါ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နေတဲ့ ဒေသတွေကို သွားရောက်မှာ ဖြစ်တဲ့ အပြင် ဘေဂျင်းမြို့မှာ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ ရခိုင်အမျိုးသားပါတီက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် မတက်ခင် တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက အခုလို ဖိတ်ကြားတာဟာ ထူးခြားမှု ရှိနေသလို တရုတ်ပြည် အနေနဲ့ လာမယ့် နိုင်ငံရေး အခင်းအကျင်းမှာ တိုင်းရင်းသား ပါတီတွေနဲ့ပါ ဆက်ဆံရေး တိုးမြှင့်လိုတဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။