မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် ဆက်ကူသွားမယ်။

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် NLD photo
Image caption ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌတွေ့

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့နဲ့ လူတိုင်း အကျိုးဖြစ်ထွန်းနိုင်မယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ဆက်လက် ကူညီသွားမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ Axel Van Trotsenburg က အတည်ပြု ပြောကြားလိုက်ပါတယ်။

မစ္စတာ Trotsenburg ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဉီးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဉီးဝင်းမြင့်တို့နဲ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်အုပ်စုက လက်ရှိပေးနေတဲ့ အကူအညီတွေ၊ ဆက်လက် ပေးအပ်သွားမယ့် အကူအညီတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှုကြောင့် သိသာ ထင်ရှားတဲ့ စီးပွားရေး တိုးတက်မှုတွေ တွေ့မြင်ခဲ့ရတယ်လို့ မစ္စတာ Trotsenburg က ပြောပါတယ်။

၂၀၁၅ခုနှစ်အတွင်း ကမ္ဘာ့ဘဏ် အုပ်စုက မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင် ၂၀၁၅-၂၀၁၇ ခုနှစ် (Country Partnership Framework) ရေးဆွဲ ပြုစုခဲ့ရာမှာ အဲဒီမူဘောင်ထဲမှာ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ အသိပညာတွေ ၊ ငွေကြေး အကူအညီတွေ၊ တခြားအဖွဲ့အစည်း အသီးသီးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း စတာတွေကို အသုံးချပြီး မြန်မာနိုင်ငံ အသွင်ကူးပြောင်း ကာလတလျှောက် ဘယ်လို အကူအညီပေး ဆောင်ရွက် သွားမလဲ ဆိုတာကို ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒရေးရာ အကြံပြုချက် စာတမ်းတွေကို ဖေဖေါ်ဝါရီလ ၂၃ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။