မြန်မာ့ စီးပွားရေး လျင်မြန်စွာ တိုးတက်မယ်

  • 23 ဖေဖော်ဝါရီ 2016
ကမ္ဘာ့ဘဏ်ရဲ့ ကျေးလက် စီမံကိန်းများ ဓာတ်ပုံ မူပိုင် world bank myanmar
Image caption ကမ္ဘာ့ဘဏ်ရဲ့ ကျေးလက် စီမံကိန်းများ

မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှု ဖေါ်ဆောင်နိုင်မည့် မူဝါဒ အကြံပြုချက်များ ဆိုတဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ တင်ပြချက်မှာ မြန်မာ့ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှု သမိုင်းမှတ်တိုင်ကို ရောက်နေပြီး လက်ရှိ ခိုင်မာ အားကောင်းတဲ့ စီးပွားရေး ကနေတဆင့် မြန်မာ ပြည်သူတွေရဲ့ဘဝ တိုးတက်အောင် လုပ်ဖို့ အခွင့်အလမ်းတရပ် ရှိတယ်လို့ဆိုပါတယ်။

အကြံပြုထားတဲ့ အဓိကမူဝါဒ သုံးရပ်မှာ စီးပွားရေး စျေးကွက် ပိုဖွင့်ပေးပြီး ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ မျှတစွာ ယှဉ်ပြိုင်နိုင်အောင် အပြောင်းအလဲတွေ လုပ်ဖို့၊ အခြေခံ ပညာရေး ကျန်းမာရေး လျှပ်စစ်ဓါတ်အား စတာတွေကို တိုးမြှင့် ဆောင်ရွက်ပေးဖို့၊ အုပ်ချုပ်ရေး ပိုင်းမှာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု ပိုရှိဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

တနှစ်ကို စီးပွားရေး ၈ရာနှုန်း ဝန်းကျင် တိုးတက်ဖို့ ဘယ်အချက်ကို မူတည်ပြီး ခန့်မှန်းသလဲ ဆိုတာ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ ပေါ်လစီ၊ ပွင့်လင်းလာမှု၊ စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်တွေ ပိုထွက်လာမယ့် အလားအလာနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပိုအားကောင်း လာတာကို အခြေခံ ပြောတာလို့ ကမ္ဘာ့ဘဏ်ရဲ့ ဌာနေမန်နေဂျာ Abdoulaye Seckက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှုတွေ များသလို တရားဥပဒေ စိုးမိုးမှု အားနည်း နေပြီး ဆင်းရဲချမ်းသာ ကွာဟမှုလည်း ကြီးထွားနေပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှု အတွက်အဟန့်အတား ဖြစ်နေတဲ့ အဂတိ လိုက်စားမှုကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ ဒါနဲ့ပတ်သက်လို့ ပြည်လူထုကို သူတို့အကျိုးရှိမယ့် စီမံကိန်းတွေမှာ လုပ်ပိုင်ခွင့် အာဏာ ပိုပေးရင် ပွင့်လင်း မြင်သာလာပြီး မကျေနပ်မှု တိုင်တန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်တယ်လို့ ဌာနေ မန်နေဂျာက ရှင်းပြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစ္စဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ Axel van Trotsenburg ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒရေးရာ အကြံပြုချက်များကို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ