မူးယစ်နှိမ်နင်းရေး အရေးကြီးအဆိုတင်

  • 24 ဖေဖော်ဝါရီ 2016
Pat Jasan, Kachin Anti drugs
Image caption ကချင်ဒေသ ဘိန်းနှိမ်နင်းရေး ဒေသခံတွေ ကိုယ်တိုင် လှုပ်ရှား

ကချင်ပြည်နယ် အတွင်းက လူထူအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေး လုပ်ငန်းတွေကို ထောက်ခံဖို့နဲ့ ဟန့်တားနှောင့်ယှက်မှု တွေကို ကာကွယ်ပေးဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းတဲ့ ဒီအဆိုကို ထောက်ခံသူများ တဲ့အတွက် ကြာသပတေးနေ့မှာ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။

ဆဒုံး ချီဖွေဒေသမှာရှိ တဲ့ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဝိုင်းမော်မြို့ကနေ စတင် ထွက်ခွာခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင် တွေကို ဘိန်းခင်းပိုင်ရှင်တွေကပစ်ခတ် တိုက်ခိုက်မယ် ဆိုလို့ အစိုးရအဖွဲ့က အကူအညီပေးဖို့ အရေးကြီးအဆို တင်သွင်းရတာ ဖြစ်ကြောင်း ဦးလဂန်ဇယ်ဂျုံး က ပြောပါတယ်။

ချီဖွေဒေသက မော်စီတုံးကျေးရွာ ဝန်းကျင်မှာဆိုရင် ဘိန်းစိုက်ဧက သောင်းနဲ့ချီ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီဒေသက ဘိန်းခင်တွေကို ဖျက်ဆီးဖို့ ပထမအကြိမ် သွားကြသူတွေရဲ့ ကားမှန်တွေ ရိုက်ခွဲဖျက်ဆီးခံခဲ့ရ ပါတယ်။

ဘိန်းခင်းဖျက်ဖို့ သွားတဲ့ Pat Jasan ဆိုတဲ့ အဖွဲ့က ကိုရင်ကျောင်း ကတော့ လူသားအားလုံးကို အန္တရာယ်ရှိစေတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးမှုမှာ စစ်တပ်နဲ့ ရဲတွေက ပိတ်ပင် တားဆီးတာကို နားမလည်နိုင်ဘူးလို့ ပြောပါတယ်။

အစိုးရက တာဝန်ယူလုပ်ဆောင်ရမယ့် ဘိန်းတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အခုလို လွှတ်တော်အထိ ရောက်လာတာ ကောင်းတယ်လို့ ကိုရင်ကျောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာပိုင်တွေ တားဆီးခဲ့တဲ့အတွက် Pat Jasan အဖွဲ့ဟာ လမ်းခုလပ်မှာ တစ်ပတ်နီးပါး သောင်တင်နေပါတယ်။

အင်္ဂါနေ့ကတော့ နှစ်ဖက်ညှိနှိုင်းလို့ရတဲ့ အတွက် တချို့အဖွဲ့တွေ ဘိန်းခင်းတွေဆီကို ဒီကနေ့ရောက်ရှိသွားပြီလို့လည်း Pat Jasan အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ