ရှမ်းပြည်နယ်ထဲ အစိုးရတပ် နယ်မြေ ရှင်းလင်းပေမယ့် တိုက်ပွဲတော့ မဖြစ်ဘူးလို့ ပြော

  • 24 ဖေဖော်ဝါရီ 2016
sp_myanmar_birmania ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည်နယ် ထဲမှာ တအောင်းပလောင် တပ် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ် RCSS/SSA တို့ အကြား တိုက်ပွဲ တွေ ဖြစ် နေခဲ့။

ရှမ်းပြည်နယ် ထဲ တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ အကြား ဖြစ်နေတဲ့ တိုက်ပွဲ တွေ ကြောင့် အစိုးရ စစ်တပ် က ကြားထဲကနေ နယ်မြေ ရှင်းလင်းမှု တွေ ဝင်ရောက် လုပ်ဆောင် ခဲ့ပေမယ့် ပစ်ခတ် တိုက်ခိုက် တာမျိုး တော့ မရှိ ခဲ့ ဘူး ဆိုပြီး တပ်မတော် အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ဟာ အများ ပြည်သူရဲ့ အသက်အိုးအိမ် ကို ထိခိုက် နေတဲ့ အတွက် အခုလို ဝင်ရောက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ လည်း ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဆိုပါတယ်။

တိုက်ပွဲ မဖြစ်ပဲ အစိုးရ စစ်တပ် က ဘယ်လို ပုံစံ မျိုးနဲ့ နယ်မြေ ရှင်းလင်းခဲ့ သလဲ ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မရှိ လှပါဘူး။

ရှမ်းပြည်နယ် တအောင်း ပလောင် ဒေသ မှာ တအောင်းပလောင် တပ် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ် RCSS/SSA တို့ အကြား တိုက်ပွဲ တွေ ဖြစ် နေခဲ့ ပြီး၊ အိုးအိမ် တွေ စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒုက္ခသည် တွေ လည်း ထောင်ပေါင်း များစွာ ရှိ နေပါတယ်။

RCSS/SSA ဟာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့ ဖြစ်ပြီး၊ NCA အရ ဖွဲ့ရတဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ ကို ရှမ်းပြည်နယ် ထဲမှာ ပြည်နယ် အဆင့် ဖွဲ့စည်းထား ရှိပြီး ဖြစ်ပါတယ်။

RCSS အနေနဲ့ နယ်မြေ ကျော်လွန် တာ မျိုး တွေ ပြုလုပ် နေတာကို ပြီး ခဲ့တဲ့ ဖေဖေါ်ရီ ၁၂ ရက် လောက် က စပြီး ရှမ်းပြည်နယ် ထဲ က စောင့်ကြည့်ရေး ကော်မတီ ထံ အစိုးရ စစ်တပ် က အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် RCSS/SSA ဘက်က ပြန်လည် ဆုတ်ဖို့ ငြင်းဆန် ခဲ့တဲ့ အတွက် အစိုးရ စစ်တပ် က အခုလို နယ်မြေ ရှင်းလင်းရေး တွေ လုပ်ဆောင် ရတာ လို့ ပြောပါတယ်။

NCA အရ လက်နက်ကိုင် တပ် တွေ ကို နေရာချ ရေး လုပ်ဆောင် ရမှာ ဖြစ်ပေမယ့် အခုအချိန် ထိ အတိတကျ မသတ်မှတ် သေးရသလို၊ TNLA ရဲ့ တိုက်ခိုက် မှု ကြောင့် သူတို့ အနေနဲ့ ဝင်ရောက် တိုက်ခိုက် ရတာ ဖြစ်တယ် လို့ RCSS/SSA ဘက် က ဘီဘီစီ ကို ပြောထား ပါတယ်။

အခုလို အခြေအနေမှာ JMC-U ရဲ့ ၄ ကြိမ် မြောက် အစည်း အဝေး ကတော့ ၃ ရက်တာ ကျင်းပ ပြီးစီး သွားခဲ့ ပြီ ဖြစ်ပါတယ်။

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ကို တနင်္သာရီ တိုင်းထဲ မှာလည်း တိုင်း အဆင့် ကော်မတီ တစ်ရပ် ဖွဲ့စည်းလာဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ