ကရင်ပြည်နယ်မှာ ရွာသား နှစ်ယောက်ကို ကျားဝင်ကိုက်

  • 25 ဖေဖော်ဝါရီ 2016
ရွာသားတွေကိုဝင်ကိုက်လို့ပစ်သတ်ထားတဲ့ကျား
Image caption ရွာသားတွေကိုဝင်ကိုက်လို့ပစ်သတ်ထားတဲ့ကျား

ကရင်ပြည်နယ်မှာ ကျား ဝင်ရောက်ခဲ့တဲ့ ရေလယ်ကုန်း ကျေးရွာဟာ ကော့ကရိတ်မြို့နဲ့ တမိုင်လောက်ပဲဝေး ကွာပါတယ်။ မနက် ၅နာရီလောက် ရွာနားက ကန်မှာ ငါးဖမ်းပိုက် ထောင်နေတဲ့ ရွာသားနှစ်ဉီး ကျားကိုက်ခံရလို့ ကော့ကရိတ်ဆေးရုံကို ပို့လိုက်ရပါတယ်။

အဲဒီနောက် ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့တွေ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ ရွာသား ၃၀ လောက်တို့ ကျားကို ဖမ်းဆီးဖို့ ရှာဖွေခဲ့ပါတယ်။

၄နာရီလောက် ရှာဖွေပြီး တွေ့တဲ့အခါ လူကို ပြန်လည် တိုက်ခိုက်တဲ့အတွက် ရွာသားတွေ အန္တရာယ် ကင်းအောင် ပစ်သတ်ခဲ့တာလို့ ကော့ကရိတ် ရဲစခန်းမှ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။ ကျား သတ္တဝါတွေဟာ တန်ဖိုးရှိပြီး မေ့ဆေးသေနတ်နဲ့ ဖမ်းဖို့ ကောင်းပေမယ့် လူကို တိုက်ခိုက်တဲ့ ကျားဖြစ်လို့ ပစ်သတ်တာ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

အရင်က ဒီရွာဘက်မှာ ကျား မရှိပေမယ့် ဒေါန တောင်တန်းမှာ ရှိတဲ့ ကျားဟာ အစာရှာရင်း ရွာထဲကို ဝင်ရောက်လာတာ ဖြစ်နိုင်ပါတယ်။ အခု အသေဖမ်းဆီးရမိတဲ့ ကျားဟာ ဘင်္ဂလားကျား အမျိုးအစားဖြစ်ပြီး အမြီးကနေ ခေါင်းအထိ ၈ ပေလောက် ရှည်လျားကာ လူ ၇ယောက် သယ်ဆောင်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ