လွှတ်တော်မှာ ဖြေဆိုမှုတွေ ဆိုင်းငံ့မယ်ဆိုတဲ့ အစိုးရအပြောကို NLD ဝေဖန်

  • 26 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ပြော။

လက်ရှိ အစိုးရ ရဲ့ ဝန်ကြီး ဌာနေ တွေ ရဲ့ စီမံကိန်း တွေ နဲ့ ပတ်သက်ပြီး လက်ရှိ လွှတ်တော်ထဲ မေးခွန်း ထုတ် နေတာ တွေကို အစိုးရ ဘက်က လာရောက် ဖြေကြားတော့ မှာ မဟုတ်ဘူး လို့ အစိုးရ ဘက်က ပြောဆိုလာတာ ဟာ တာဝန်မဲ့ ပြောတာ ဖြစ်တယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လိုက်ပါတယ်။

သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ လွှတ်တော် ထဲမှာ နေရာ အများစု ရရှိ ထားတဲ့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ သစ် ဦးဆောင် ဖွဲ့ရမယ့် NLD ပါတီ အနေနဲ့ သိချင် တာတွေ ရှိရင် တာဝန် လွှဲပြောင်းမှု အထောက်အကူ အဖွဲ့ချင်း ညှိနှိုင်း မေးမြန်း နိုင်တယ် ဆိုတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ် မှာလည်း ဦးဝင်းထိန် က ငြင်းပယ်ခဲ့ ပါတယ်။

လွှတ်တော် တွင်း တင်တဲ့ အဆိုတွေ၊ မေးမြန်းမှု တွေ ဟာ အထောက်အကူ အပြု အဖွဲ့တွေ နဲ့ မဆိုင်ဘူးလို့ ဦးဝင်းထိန် က ဆိုပါတယ်။

အစိုးရ အလွှဲအပြောင်း ကာနီး အချိန်လိုမျိုး အကဲဆတ်လှတဲ့ ကာလ မှာ NLD ပါတီ ဘက်က လွှတ်တော်တွင်း မေးခွန်း ထုတ် လာတာ တွေ အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ အနေနဲ့ သဘော မကျ ဖြစ်သွားခဲ့တယ် လို့ မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦး က ယူဆတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ လွှတ်တော် အပေါ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ တာဝန်ခံဖို့ လို မလို ဖွဲ့စည်းပုံကို ပြန်သုံးသပ်ရမယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ်မှာ လည်း လက်ရှိ အစိုးရဟာ လက်ရှိ လွှတ်တော် အပေါ်မှာ တာဝန်ခံမှု ရှိမှ ဒီမိုကရေစီ စံနှုံး နဲ့ ကိုက်ညီမယ် လို့ ယူဆကြောင်းလည်း ဦးကျော်လင်းဦး က ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ လက်ကျန် သက်တမ်း မကြာခင်မှာပဲ ကုန်ဆုံး တော့မယ့် အချက်ရယ်၊ အမျိုး သား ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စ တွေ ကြောင့် NLD အနေနဲ့ လက်ရှိ အစိုးရ အပေါ် ဖိအား ပေးမှု တွေ လုပ်သင့် မသင့် ဆိုတာ ကိုတော့ NLD ပါတီ အနေနဲ့ ထည့်သွင်း စဉ်းစား မှာ ဖြစ်တယ် လို့ ဦးဝင်းထိန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ