ဗိုလ်အောင်ကျော် ရာပြည့်အထိမ်းအမှတ်

  • 27 ဖေဖော်ဝါရီ 2016
boaungkyaw, centenary
Image caption ဗိုလ်အောင်ကျော် ဂုဏ်ပြုဟောပြောပွဲမှာတွေ့ရတဲ့ ကိုမင်းကိုနိုင်

မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် မွေးနေ့ ရာတစ်ရာပြည့်မြောက်အဖြစ် သူ့ဇာတိ မဲဇလီကုန်းမှာ အထိမ်းအမှတ် အခန်းအနားတွေ ကျင်းပခဲ့ပါတယ်။

ဗိုလ်အောင်ကျော်ကို ဧရာဝတိုင်း၊ မဲဇလီကုန်း၊ ရုံးဇင်ရွာမှာ ၁၉၁၆ ဖေဖော်ဝါရီ ၂၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

မဲဇလီကုန်းက ရာပြည့်အထိမ်းအမှတ်ပွဲမှာ ဗိုလ်အောင်ကျော်ရုပ်ထုဖွင့်ပွဲ၊ ဗိုက်အောင်ကျော်ရဲ့ ဘဝ၊ စာပေနဲ့ အနုပညာပြခန်း၊ စာပေဟောပြောပွဲ၊ အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။

ဒီပွဲကို ဒေသခံတွေအပြင် နိုင်ငံရေးလှုပ်ရှားသူတွေ၊ ကျောင်းသားအရေးလှုပ်ရှားသူတွေ၊ စာပေနဲ့ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ စိတ်ဝင်စားသူတွေ အများအပြားတက်ရောက်ကြပါတယ်။

Image caption လွမ်းစေတီမှာလည်း အောက်မေ့ဂုဏ်ပြု

ဒီအခန်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ မြန်မာ့သမိုင်းမှာ နိုင်ငံ့အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ လူထုတွေ အတူတကွ အောင်ပွဲ မခံနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

မြန်မာပြည်မှာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တွေကိုပဲ ပိုဂုဏ်ပြုနေကြပြီး ဗိုလ်အောင်ကျော်လို သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုသင့်ကြောင်း၊ စာသင်ကျောင်းတွေမှာ ကိုအောင်ကျော်အသင်း၊ ကိုဗဟိန်းအသင်းလိုမျိုးလည်း ရှိသင့်ကြောင်း သူက ပြောပါတယ်။

လွတ်လပ်ရေးရပြီးစ ခေတ်မှာတော့ ၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်၊ ဗိုလ်အောင်ကျော်ကို ပုလိပ်တပ်က နံပါတ်တုတ်နဲ့ ရိုက်ခဲ့တဲ့နေ့ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းသားနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းခေတ်တွေမှာတော့ မှေးမှိန်ခံခဲ့ရပါတယ်။

ဘယ်လို ပြန်လည် ဂုဏ်ပြုသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ စိတ်ဝင်စားသူတွေ အားလုံး စုပေါင်းဆွေးနွေးသင့်တယ်လို့လည်း ကိုမင်းကိုနိုင်က အကြုံပြုပါတယ်။