ဒေါ်စုနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ

  • 29 ဖေဖော်ဝါရီ 2016
Image caption ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ တနင်္လာနေ့ ညနေက စည်ပင် ရိပ်သာမှာ တစ်နာရီ ကျော်ကြာ တွေ့ ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒီလို တွေ့ဆုံ တာဟာ ရွေးကောက်ပွဲပြီး ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ကာ တိုင်းရင်းသား ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ ပါတယ်။

တွေ့ဆုံပွဲ မှာတော့ ဖဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ ငြိမ်းချမ်းရေး ကိစ္စနဲ့ မူးယစ် ဆေးဝါး ကိစ္စ တို့ကို အဓိက ဆွေးနွေး ကြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အခါ ကိုယ်ဘက်က ဘာလုပ်ပေး နိုင်လဲ ဆိုတာ ချပြဖို့ လိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ ပါတယ်။

တိုင်းရင်းသားတွေ ဘက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု စနစ် ဖြစ်လာဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဆွေးနွေး ကြပါတယ်။

ဖက်ဒရယ် စနစ်နဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ဖို့ အတွက် ဆိုရင် အပစ် အခတ် ရပ်စဲရေးကို ပထမ လုပ်ဆောင် ရမှာ ဖြစ်တယ်လို့ ကချင် ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ ကလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေ အနေနဲ့ NLD ပါတီက ဖွဲ့စည်းမယ့် အစိုးရ လက်ထက် ကျရင် လက်မှတ်ထိုးဖို့ အဆင်သင့် ရှိကြောင်းလည်း တိုင်းရင်းသား ကိုယ်စားလှယ် တချို့က ပြောပါတယ်။

မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး တင်ပြရမှာတော့ ပြည်နယ်တွေမှာ မူးယစ် ဆေးဝါး ပျံ့နှံ့ သုံးစွဲမူ ဟာ စိုးရိမ် စရာ အနေ အထား ထိ ရောက်နေပြီး ကရင် ပြည်နယ် ထဲက အလှူ အတန်း အချို့မှာ ဆိုရင် စိတ်ကြွ ဆေးပြား တွေကို သွားရေစာ အဖြစ် ကျွေးမွေးတဲ့ အနေ အထားထိ ဖြစ်လာ နေပြီလို့ ဥပမာပေး ပြောဆိုခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ ပါတီက အစိုးရ ဖွဲ့ပြီးတဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်းကို ပထမ ဦးစားပေး လုပ်ဆောင်မယ်လို့ မကြာ ခဏ ပြောဆိုလေ့ ရှိပါတယ်။