ပုဒ်မ ၅၉ (စ) မပြင်ရေး တောင်းဆိုမှု တွေကို NLD ပယ်ချ

  • 29 ဖေဖော်ဝါရီ 2016
_assk_army_ ဓာတ်ပုံ မူပိုင် kakapyi
Image caption ၅၉ (စ) ဆိုင်းငံ့ဖို့ NLD ဘက်က လွှတ်တော်တွင်း တကယ် ဆောင်ရွက်မှာလား မရေရာ။

လက်ရှိ အခြေခံ ဥပေဒပါ သမ္မတ ဖြစ်ခွင့် ကန့်သတ်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို အမျိုးသားရေး အမြင် အခြေခံ နဲ့ သဘော မတူ ဘူး ဆိုပြီး ဆန္ဒ ပြ မှု တစ်ရပ် အခုရက်ပိုင်း က ပြုလုပ် လာခဲ့တဲ့ အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လာပါတယ်။

NLD ပါတီ အနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိရမယ် ဆိုတဲ့ အချက် ကို လက်ခံပြီး တချိန်တည်း မှာပဲ ၅၉ (စ) မပြင်ဆင်ရေး ဆိုတဲ့ တောင်းဆို မှု အပေါ် မှာလည်း အလုံးစုံ ငြင်းပယ်တယ် လို့ NLD ပါတီရဲ့ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက ရန်ကုန် ဗိုလ်စိန်မှန် ကွင်းမှာ ပြုလုပ် ခဲ့တဲ့ ဆန္ဒပြပွဲ မှာတော့ လူ ၄၀၀ ဝန်းကျင်ဟာ ၅၉ (စ) ပြင်ချင် တဲ့သူ နိုင်ငံ က ထွက်သွား ဆိုပြီး ပြင်းပြင်းထန်ထန် ပြောခဲ့ ကြသလို၊ ပြင်ဆင်တာ ဆိုင်းငံ့တာ တွေ ပြုလုပ်လာရင် အမျိုးသားရေး အင်အားစုတွေ နဲ့ ထိပ်တိုက် တွေ့မယ် လို့လည်း ပြောဆို ခဲ့ကြပါတယ်။

အဲဒီ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစု ကြည် ကို သမ္မတ ဖြစ်ခွင့် မရှိစေဖို့ ပုဂ္ဂိုလ် ရေး အရ ရည်ရွယ် ထားတာ ဖြစ်ပြီး၊ မြန်မာ နိုင်ငံ မှာ ရှိနှင့် ခဲ့ပြီး တဲ့ အခြေခံ ဥပဒေ တွေ အရ ဖြစ်စေ၊ နိုင်ငံတကာ စံညွှန်းစံထားတွေ အရ ဖြစ်စေ မကိုက်ညီဘူး လို့ ဦးဝင်းမြင့် က ပြောပါတယ်။

ဒါပေမယ့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ကို NLD ပါတီ ဘက်က လွှတ်တော် ထဲ မှာ တင်လာတော့ မှာလား ဆိုတာ နဲ့ ပတ်သက် လို့တော့ ဦးဉာဏ်ဝင်းက အခု လာမယ့် သီတင်းပတ် တွေ အတွင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာ အတိတကျ မသိတဲ့ အတွက် သူ့အနေနဲ့ မပြောနိုင် ဘူးလို့ ဆိုပါတယ်။

သမ္မတလောင်းတွေ အမည်စာရင်းတွေ တင်သွင်းဖို့ မူလ သတ်မှတ် ထားတဲ့ မတ်လ ၁၇ ရက် ကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ဖို့ကို တော့ မတ်လ ၁ ရက် အင်္ဂါနေ့ မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ရဲ့ အစီအစဉ် တွေ ထဲ ထည့်သွင်း ထားရပါတယ်။

သမ္မတလောင်းတွေ အမည်စာရင်း တင်သွင်းမယ့် ရက်ကို မတ်လ ၁၇ ရက် ထက် ပိုစောပြီး ပြောင်းလဲ ပြင်ဆင် လာနိုင်တယ် ဆိုပြီး သုံးသပ်မှု တွေ ထွက်ပေါ် နေတာ ကြောင့် ၊ လွှတ်တော် တွင်း ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ကို NLD ဘက်က တကယ်တမ်း လက်တွေ့ ဆောင်ရွက် လာနိုင်မှု ရှိ မရှိ ဆိုတာ ကလည်း မသေချာ မရေရာ ဖြစ်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ