ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ဘယ်လောက် အောင်မြင်သလဲ

  • 29 ဖေဖော်ဝါရီ 2016
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည်

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ပြို ကမ်းပြို နိုင်ပြီးတဲ့နောက် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ရာမှာ နောင်တက်မယ့် ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုတယ်လို့ အသံထွက် လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး လူအများ မျှော်လင့် လာကြပါတယ်။ ဒီတော့ ဦးသန်းရွှေက ဘယ်လို မျှော်လင့်ချက်မျိုး ပေးလိုက်သလဲလို့ မေးစရာရှိပါတယ်။

အခုတခါ စစ်တပ်ရဲ့ သဘောထားက အခြေခံဥပဒေကို ပြင်မယ်ဆိုရင် အခန်း ၁၂ ပါ အတိုင်း ဆောင်ရွက်မှ လက်ခံနိုင်မယ်လို့ ဆိုလာတဲ့အတွက် စစ်တပ်နဲ့ NLD အကြား တစုံတရာ နားလည်မှု တည်ဆောက်လို့ မရတာ တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော်မှာလည်း ဒေါ်စု သမ္မတဖြစ်ရေး လမ်းကြောင်းကနေ တခြားလမ်းကို ရွေးဖို့အတွက် ဆောင်ရွက်လာပါတယ်။

ဒီတော့ ဦးသန်းရွှေနဲ့ ဒေါ်စု ခေါင်းဆောင်နှစ်ယောက် တွေ့တာဟာ လက်တွေ့မှာ ဘယ်လောက် အောင်မြင်သလဲ။ ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော် ကတော့ ဦးသန်းရွှေဟာ လက်ရှိ တပ်အပေါ် ဆက်ထိန်းထားနိုင်သေးပြီး သူရဲ့ အရွှေ့ကလည်း အရေးပါတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ဓလေ့စရိုက် တခုကတော့ နှစ်ဖက်လုံးကို ကစားလေ့ရှိပြီး တဖက်ဖက်ကို ဘယ်လိုဆက်လုပ် ဆိုတာ ပြောလေ့ရှိတယ် လို့လည်း ကိုအောင်ဇော်က ဆိုပါတယ်။

နောက်တခါ အခုတလော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေထဲမှာ တပ်အပေါ် သစ္စာဖောက်တဲ့ အကြောင်းတွေလည်း ပါလာတဲ့အတွက် ဒါဟာ သူရရွှေမန်းကို ပြောတာလားလို့ တပ်အသိုင်းအဝိုင်းနဲ့ အကဲခတ်တွေက ယူဆနေကြောင်းလည်း ကိုအောင်ဇော်က ထောက်ပြပါတယ်။ ခေါင်းဆောင်နှစ်ယောက် တွေ့ဖို့ ဦးရွှေမန်းက စီစဉ်တယ်လို့ ဆိုတဲ့အတွက် စစ်တပ်က သိပ်လက်မခံတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ လက်တွေ့မှာ သူတို့ဆွဲထားတဲ့ အခြေခံဥပဒေက သူတို့ရဲ့ ထွက်ပေါက်ကို ပိတ်ထားသလို ဖြစ်နေပြီး ဆုပ်ဆူးစားရူး အခြေအနေမျိုးမှာ တရားသေ သမားတွေအဖို့ အကျဉ်းသားအဖြစ်နဲ့ ဘဝဆုံးရသလို တိုင်းပြည်လည်း ဘဝဆုံးရမယ့် ပြဿနာလို့ စစ်တပ်နဲ့ NLD တို့ကြား ရှေ့မတိုးနိုင်တဲ့ လက်ရှိ အခြေအနေကို ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော် သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ