NLD သမ္မတလောင်း ဘယ်သူတွေ ဖြစ်လာနိုင်သလဲ

Image caption ဦးထင်ကျော်၊ ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါက်တာမျိုးအောင်တို့ရဲ့ အမည်တွေက လူပြောအများဆုံး ဖြစ်နေ။

နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေကို လွှတ်တော်က မတ်လ ၁၀ ရက်နေ့မှာ အမည်စာရင်း တင်သွင်းရွေးချယ် ကြတော့မှာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကတော့ အနှေးနဲ့ အမြန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရမှာပါလို့ ပြောပါတယ်။

ဒါပေမယ့် အခြေခံဥပဒေ အကန့်အသတ်တွေကြောင့် မတ်လ ၁၀ ရက်နေ့ အမည်စာရင်း တင်သွင်းတဲ့အခါ သူ့အမည် ပါလာဖို့တော့ မလွယ်သေးတဲ့ အနေအထား ရှိပါတယ်။

ဒါဆို အဲန်အယ်ဒီ ဘက်က ဘယ်သူတွေကို သမ္မတလောင်း အဖြစ် အမည်စာရင်း တင်လာနိုင်ပါသလဲ။

လောလောဆယ် လူတွေ ထင်ကြေးပေးမှု အများဆုံး ရှိနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး အထူးရင်းနှီးမှုရှိပြီး မိသားစု မိတ်ဆွေလည်း ဖြစ်တဲ့ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်လည်းဖြစ်၊ အဲန်အယ်ဒီကျန်းမာရေး ကော်မီတီဝင်လည်း ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့ ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်ပြီး၊ ကွယ်လွန်ပြီဖြစ်တဲ့ အဲန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးလွင်ရဲ့ သားမက်လည်းဖြစ်ပါတယ်။ သူ့ဇနီးသည် ဒေါ်စုစုလွင်ကလည်း အဲန်အယ်ဒီ သုံးခွမြို့နယ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒေါက်တာ တင်မျိုးဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင် ကတော့ အဲန်အယ်ဒီ စတင် တည်ထောင်ပြီးစ အချိန်ကတည်းက ပါဝင်ခဲ့ပြီး အခုလောလောဆယ်မှာ အာဏာလွှဲပြောင်း ရယူရေး အစီအစဉ်တွေ အတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ် တစ်ဦး အဖြစ် ပါဝင် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒီအမည်စာရင်းကို အဲန်အယ်ဒီ ဘက်က တရားဝင် ထုတ်ပြန်တာမျိုး မဟုတ်သလို အတည်ပြုထားတာလည်း မရှိပါဘူး။ သတင်းသမား အများရဲ့ ခန့်မှန်းချက်နဲ့ ပါတီတွင်းက ထွက်လာတဲ့ သတင်းစကားများ အရ ထင်ကြေးအပေးခံရဆုံး လူများအဖြစ် ထင်ရှားနေကြတာသာ ဖြစ်ပါတယ်။

သူတို့သုံးယောက်ဟာ ဘယ်လို လူတွေလည်း ဆိုတာ သိကျွမ်းသူများက ပြောပြထားတာကို ကိုတင်အောင်ကျော်ရဲ့ သတင်းပေးပို့ချက်မှာ နားဆင်နိုင်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ