မတ်လ ၁၀ ရက် သမ္မတ ရွေးမယ်

  • 1 မတ် 2016
ဓာတ်ပုံ မူပိုင် bbc

မြန်မာနိုင်ငံမှာ သမ္မတ ရွေးဖို့ အတွက် ပထမ သတ်မှတ် ထားတဲ့ မတ်လ ၁၇ ၇က် အစား မတ်လ ၁၀ ကို ပြောင်းလဲ လိုက်ကြောင်း အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော်က ကြေညာ လိုက်ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်မယ့် ရက်ကို မူလ သတ်မှတ် ထားတဲ့ ရက်ထက် စောပြီး ပြုလုပ်မယ်လို့ အစောပိုင်း ကတည်းက သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်နေတာ ဖြစ်ပြီး အင်္ဂါနေ့ မှာတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

အခုလို ရက်ရွှေ့လိုက်တဲ့ အတွက် ပြည်သူတွေ ကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကြား ညှိနှိုင်းမှုတွေဟာ ခရီး မရောက်လို့ ဆိုပြီး ဝေဖန် ပြောဆို နေကြပါတယ်။

NLD ပါတီရဲ့ ဗဟို အလုပ် အမူဆောင် ဦးဝင်းထိန် ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှာ ဖြစ်ကြောင်းနဲ့ အချိန် နှေးတာနဲ့ မြန်တာသာ ကွာမှာဖြစ်ကြောင်း ပြောပါတယ်။

ဦးဝင်းထိန် အပြော အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်အောင် လုပ်မယ် ဆိုပေမယ့် မတ်လ ၁၀ ရက်နေ့မှာ တင်မြှောက်မယ့် သမ္မတ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမယ်လို့ ယူဆလို့ မရနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၁၀ ရက် နေ့မှာ တင်မြှောက်မယ့် ဒုတိယ သမ္မတ ၂ ဦးဟာ NLD ပါတီက သဘောတူ ဆုံးဖြတ်ထားတဲ့ လူတွေ ဖြစ်လာမယ်လို့ ယူဆ ရပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက ဒုတိယ သမ္မတ တစ်ဦး ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များက ဒုတိယ သမ္မတ တစ်ဦးနဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား အစုအဖွဲ့မှ ဒုတိယ သမ္မတ တစ်ဦး တင်မြှောက် ရမှာ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့ မှာ ဘယ်သူ သမ္မတ ဖြစ်လာ မလဲ ဆိုတာ ကိုတော့ ပြည်သူ လူထုက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။