ရှမ်းပြည်ညီညွတ်ရေး ကောင်စီ အစည်းအဝေး တားဆီးခံရ

  • 3 မတ် 2016
Image caption ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်းမရှိ။

ရှမ်းလက်နက်ကိုင် အဖွဲ့တွေ ၊ ရှမ်းနိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ စုစုပေါင်း ၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Committee for Shan State Unity ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU ဆွေးနွေးပွဲကို မတ်လ ၃ရက်နေ့က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ ရှမ်းတိုင်းရင်းသားများ ညီညွတ်ရေး စတာတွေကို ၃ရက်ကြာ ဆွေးနွေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခု ဒီတရက် ပြီးရင် ဆက်ကျင်းပတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မီကာဆာဟိုတယ်မှာ အစည်းအဝေး လုပ်နေတုန်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လာတားတာ ရှိခဲ့သလို Summit Park View ဟိုတယ်မှာ နောက်၂ ရက် ဆက်လုပ်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက Summit Park View ဟိုတယ်ကို ဖိအားပေးတာတွေ ရှိခဲ့တာကြောင့် အစည်းအဝေး ဆက်မကျင်းပတော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုကော်မီတီဝင်လည်းဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ စိုင်းကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

တနှစ်ပြည့်လို့ ဥက္ကဌ အပြောင်းအလဲ လုပ်တာရယ်၊ ငြိမ်းချမ်းရေး ညီလာခံအပြီး ရှေ့လာမယ့်် လုပ်ငန်းစဉ်မှာ ဘယ်လို ပူးပေါင်း ပါဝင်နိုင်မလဲ၊ အပစ်ရပ် စာချုပ်မှာ မပါသေးတဲ့ SSPP/SSA ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာအောင် ဘယ်လို အဖြေရှာမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU မှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ၊ ဆိုင်ကျော့ ဌာနေ ပြည်သူ့စစ်အဖွဲ့တို့ ပါတဲ့ SSJAC ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၊ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ ) ၊ ရှမ်းရှေ့နေကွန်ယက်အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

ရှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU ကို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး RCSS က ဥက္ကဌအဖြစ် တနှစ် တာဝန်ယူခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU ရဲ့ အစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဉီး၊ ရှမ်းပြည် တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဆိုင်ကျော့ ပြည်သူ့စစ်က ဗိုလ်ချုပ် ကိုင်ဖ စတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ ) SNDP ရဲ့ ကိုယ်စားလှယ် ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။