ပဲခူးသစ်တောကြိုးဝိုင်း ၂ခုမှာ ပုဒ်မ၁၄၄ထုတ်

Image caption ပဲခူးတိုင်းအတွင်း တရားမဝင် သစ်ခုတ်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်နေ

ပဲခူးရိုးမမှာ ရှိတဲ့ သစ်တောကြိုးဝိုင်း ၂ ခုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြိုးဝိုင်းတွေကတော့ ဇာမရီကြိုးဝိုင်းနဲ့ ရွှေလောင်း ကိုယ်တူ ကွဲစလူ ကြိုးဝိုင်းတို့ ဖြစ်ပါတယ်။

ရွာတည်ပြီး သစ်ခုတ်၊ ဝါးခုတ်၊ ထင်း၊ မီးသွေးထုတ်နေတာကို သက်ဆိုင်ရာက တားဆီးဖို့ သွားရင် ရန်မူတဲ့အထိ ဖြစ်နေတာကြောင့် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။

တရားမဝင် သစ်ခုတ်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းဖို့ အတော်လေး ခက်နေပြီး တားဆီးဖို့ သွားတဲ့ သစ်တော ဝန်ထမ်းတွေကို ကြိုးဝိုင်းထဲမှာ ကျူးကျော်နေထိုင်နေသူတွေက ဓါးတွေ၊ ဒုတ်တွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်တာမျိုးတွေ ရှိနေပြီး မကြာသေးခင်က သစ်တောဌာန ကားကို လုပြေးတာတို့၊ ဝန်ထမ်းတဉီး ဓါးထိုး ခံရပြီး ဆေးရုံတင်ရတဲ့အထိ ဖြစ်ခဲ့တာမျိုးတွေ ရှိနေတယ်လို့ ပဲခူးတိုင်း သစ်တောဌာန ဦးစီးမှူး ဦးဇော်ဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

အရင်က ကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်နေတဲ့ အိမ်ခြေ ၅၀နဲ့ အထက် ရှိရာ နေရာကို အစိုးရက ကြိုးဝိုင်းအဖြစ်က ပယ်ဖျက်ပြီး လုပ်ပိုင်ခွင့်တွေ ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အခုတခါ ကြိုးဝိုင်းအတွင်း ကျူးကျော် နေထိုင်သူတွေ အိမ်ခြေ ၈၀- ၁၀၀လောက်အထိ ထပ်များလာနေခဲ့ပြီး တရားမဝင် သစ်ခုတ်တာတွေကို ဆိုးဆိုးဝါးဝါး လုပ်လာနေကြောင်း သူက ပြောပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက် တရားမဝင် သစ်ခုတ်မှု တားဆီးရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းကူညီမှ ရမယ်လို့ ပဲခူးတိုင်း သစ်တောဌာန ဦးစီးမှူး ဦးဇော်ဝင်းမြင့်က ပြောပါတယ်။