ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေးဆက်လုပ်

  • 4 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှမ်းပြည်ညီညွတ်ရေးကော်မတီဥက္ကဌသစ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး

ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ၊ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့တွေ ပါတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကို ဒီနေ့ မတ်လ ၄ ရက်နေ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့က ပထမနေ့ အစည်းအဝေးကို အာဏာပိုင်တွေက လာတားခဲ့ပြီး နောက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Summit Park View ဟော်တယ်ကို ဖိအားပေးတာတွေရှိတာကြောင့် မူလက အစည်းအဝေးဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မတ်လ ၄ ရက် အစည်းအဝေးမှာတော့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ ဥက္ကဌသစ်ရွေးချယ်ပြီး ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေး အပစ်ရပ်ရေး ကိစ္စတွေ ဆက်လုပ်ဖို့ တခါ ရှမ်းပြည်နယ်တွင်းက အဖွဲ့အစည်းတွေ ပေါင်းစည်းနိုင်ရေး ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီကော်မတီ ရဲ့ အလှည့်ကျ ဥက္ကဌတာဝန်ကို RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့ ရဲ့ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က တာဝန်ယူခဲ့ပြီး ဒီနှစ်မှာတော့ ရှမ်း SNLDပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

တကယ်တန်းမှာ ဒီနှစ် ဥက္ကဌတာဝန်ကို ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က တာဝန်ယူရမယ့် အလှည့် ဖြစ်ပေမယ့် ဒီအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိသလို ဥက္ကဌရွေးချယ်ရေးအပေါ်မှာ သဘောထားပေးခဲ့ခြင်းမရှိတာကြောင့် အလှည့် ကျော်ပြီး SNLDပါတီက တာဝန်ယူခဲ့တာလို့ SNLDပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

နိုင်ငံရေးပါတီတရပ်က ရှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ ဥက္ကဌ ဖြစ်လာတဲ့အတွက် နိုင်ငံရေးပါတီတွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပိုထိတွေ့ဆက်ဆံနိုင်မှာဖြစ်လို့ အရင်ကထက် လုပ်ငန်းပိုတွင်ကျယ်လာမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လိုကြပေမယ့် အစိုးရရဲ့ ဘယ်အဖွဲ့ပါရမယ် ဘယ်အဖွဲ့ မပါရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် မပါနိုင်ကြဘူး၊ အစိုးရရဲ့ လုပ်နည်း လုပ်ဟန်နဲ့ လူပုဂ္ဂိုလ် အပြောင်းအလဲ ရှိရင်တော့ အောင်မြင်လိမ့်မယ့် ဆိုပါတယ်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ ရဲ့ အစည်းအဝေးကို ပြည်တွင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်ပြီး မူလက အစည်းအဝေးကို (၃)ရက်လုပ်ဖို့ စီစဉ်ထားပေမယ့် အစည်းအဝေးကျင်းပမယ့် နေရာကို ကြိုတင်ခွင့်ပြုချက်တင်မထားတဲ့အတွက် အုပ်ချုပ်ရေးပိုင်းက လက်မခံလို့ အစည်းအဝေး ဒုတိယနေ့ကို ရှမ်း SNLD ရုံးချုပ်မှာ ပြုလုပ်ပြီး အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။