ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာကို ANP ပါတီ ရသင့်တယ်လို့ ဆို

Image caption ရခိုင်လူထု ထောက်ခံတဲ့ ANP ပါတီ ဆက်တည်တန့် နေဖို့ ကြိုးပမ်းသွားမယ်လို့ ဥက္ကဌ ဒေါက်တာအေးမောင်ပြော

မြန်မာနိုင်ငံမှာ မကြာခင် အာဏာ လွှဲပြောင်းယူမယ့် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်သစ်တွေရဲ့ အမည်စာရင်းကို အခုရက်ပိုင်းမှာ ထုတ်ဖော် ကြေညာဖို့ ရှိနေရာမှာ NLD ပါတီ ကိုယ်စားလှယ်တွေကို ခန့်ထားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာကို ဂွမြို့နယ်ရဲ့ NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဉီးညီပုကို လျာထားတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဉီးဝင်းထိန်က ထုတ်ဖော်ပြောထားပါတယ်။

ဒါပေမယ့် ANP ရခိုင်အမျိုးသား ပါတီ ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံး ရခဲ့တဲ့ သူတို့ပါတီရဲ့ ကိုယ်စားလှယ်ကိုပဲ ခန့်သင့်တယ်လို့ ပြောနေပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခုလို ခန့်တာကို မူအားဖြင့် ကန့်ကွက်စရာ မရှိကြောင်း၊ ဒါပေမယ့် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားလိုတဲ့ မူအရ ရခိုင်လူထုနဲ့ ပိုနီးစပ်တဲ့ ANPပါတီရဲ့ ကိုယ်စားလှယ်ကိုသာ ရခိုင်ဝန်ကြီးချုပ် အဖြစ် ခန့်သင့်ကြောင်း ANP ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်လူထုနဲ့ ရခိုင် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မယ့် တာဝန်ဟာ ရခိုင်အမျိုးသား ပါတီဝင် ရခိုင်တဉီးနဲ့ ပြည်ထောင်စု ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ရခိုင်တဉီး အကြား ကွဲပြားမှု ရှိတယ်လို့ သူက ပြောပါတယ်။

ANP ပါတီ ရဲ့ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ALD ပါတီ ဥက္ကဌ ဦးအေးသာအောင် ကိုတော့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ် ပြည်ထောင်စု အဆင့် လွှတ်တော် မှာ လွှမ်းမိုး နေရာ ယူထားတဲ့ NLDက ရွေးချယ် ခန့်အပ် ခဲ့ပြီး ဖြစ်ပါတယ်။

ANP ပါတီကို ရခိုင် ပြည်နယ် အစိုးရ အဖွဲ့မှာ ဉီးဆောင်ခွင့် ပေးဖို့၊ ဒါမှမဟုတ်ရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်လို့ ANP ပါတီက ပြီးခဲ့တဲ့ ဇန္နဝါရီလက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ANP ပါတီထဲမှာ ပါတဲ့ ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီကြေညာချက်တွေကို ကန့်ကွက်ကြောင်း မတ်လ ၆ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ANP ရခိုင် အမျိုးသားပါတီဟာ လက်ရှိ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် တို့ ၂၀၁၄ နှစ်ဆန်း မှာ ပေါင်းစည်း ဖွဲ့ခဲ့တာပါ။

လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ANP ပါတီ နှစ်ခြမ်းကွဲ သွားဖို့ မရှိကြောင်းနဲ့ ရခိုင်ဒေသခံတွေရဲ့ ထောက်ခံမှု ရထားတဲ့ ANP ပါတီ ဆက်တည်တန့်နေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ANP ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။