ရခိုင်ပါတီကြီးအတွင်း သဘောထားကွဲ

  • 6 မတ် 2016
ANP
Image caption ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်လွှတ်တော်အတွက် နေရာအများစုရ

ရခိုင်ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီကပဲ ဦးဆောင်ဖွဲ့ရမယ်ဆိုတဲ့ ကြေညာချက်ကို အဲဒီပါတီတွင်းကပဲ အရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူတွေက လက်မခံကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့ကို ပေါင်းစည်းထားတဲ့ ပါတီဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ က ရွေးကောက်ပွဲ အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်ခုနဲ့ ပတ်သက်ပြီး ALD ဘက်က သဘောမတူ ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။

ပထမကြေညာချက်ကတော့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်တဲ့ ၁/၂၀၁၆ မှာ ရခိုင်ပြည်နယ် အတွင်း အမတ်နေရာ အများစု အနိုင်ရရှိထားတဲ့ ANP ပါတီ အနေနဲ့ ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့ခွင့်မရရင် အစိုးရအဖွဲ့ထဲမှာ မပါဝင်ဘဲ အတိုက်အခံ အနေနဲ့ ရပ်တည်သွားမယ်ဆိုတဲ့ ကြေညာချက် ဖြစ်ပါတယ်။

ဒုတိယ ကြေညာချက် ၂/၂၀၁၆ မှာတော့ အစိုးရမဖွဲ့ရရင် အတိုက်အခံနဲ့ရပ်တည်မယ်ဆိုတာကို ပါတီက ထပ်လောင်း ထောက်ခံ အတည်ပြုပြီး ယခင် ALD နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ ချုပ် UNA က နုတ်ထွက်တယ်လို့ ပါရှိပါတယ်။

အခုလို လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ လုပ်တာဟာ ပါတီအတွင်း ပြဿနာကို ပါတီအတွင်းမှာ ဖြေရှင်းလို့ မရတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်တယ်လို့ ALD ဘက်က ခေါင်းဆောင် ဦးကျော်မြင့်က ပြောပါတယ်။

ရခိုင်အစိုးရအတွင်းမှာ ပါတီတွင်းက မပါဘဲနေမယ်ဆိုရင် ပါတီအတွက်ရော လူထုအတွက်ပါ နစ်နာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲဟာ ရခိုင်အမျိုးသားပါတီတွင်း သဘောထားကွဲမှုကို ထင်ထင်ရှားရှား ပြသလာမှု တစ်ခုလည်း ဖြစ်ပါတယ်။