အဲန်အယ်ဒီ သမ္မတလောင်း အမည်တွေ တင်သွင်း

ဓာတ်ပုံ မူပိုင် a
Image caption ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်ထီးယူ တို့ နှစ်ယောက်ကို အဲန်အယ်ဒီက သမ္မတလောင်း အဖြစ် အမည်တင်သွင်း။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သူတို့ ရဲ့ သမ္မတလောင်း အမည်စာရင်းတွေကို လွှတ်တော်ကို တင်သွင်းလိုက်ပါပြီ။

ပြည်သူ့လွှတ်တော်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်အမတ် အစုအဖွဲ့ က ဦးထင်ကျော် ကို ဒုသမ္မတလောင်း အဖြစ် အဆို တင်သွင်းလိုက်ပြီး အမျိုးသား လွှတ်တော်က NLD အမတ် တွေက ဦးဟင်နရီ ဗန်ထီးယူ ကို ဒုတိယ သမ္မတလောင်း အဖြစ် အဆိုတင်သွင်း လိုက်ပါတယ်။

စစ်တပ် ကိုယ်စားလှယ် တွေရဲ့ ဒုသမ္မတလောင်း အမည်စာရင်း ထွက်မလာသေး ပေမယ့် လွှတ်တော်မှာ အမတ် အနည်းစုသာ ဖြစ်ပြီး အရင် အာဏာရပါတီ ဖြစ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကတော့ ဦးစိုင်းမောက်ခမ်းနဲ့ ဦးခင်အောင်မြင့် ကို ဒုသမ္မတလောင်းတွေ အဖြစ် လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။

လွှတ်တော်မှာ NLD က လွှတ်တော်အမတ် အများဆုံးဖြစ်တဲ့အတွက် သူတို့တင်တဲ့ ဒုသမ္မတလောင်းတွေ ထဲက တယောက် သမ္မတ ဖြစ်လာဖို့ ရှိပါတယ်။

ဦးထင်ကျော် ဟာ ၁၉၄၆ ခုနှစ် မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး လက်ရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ တာဝန်ယူ ဆောင်ရွက်နေသူ တယောက် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် က အားကိုး ယုံကြည်စိတ်ချရသူ တယောက် ဖြစ်တယ် လို့လည်း သိရပါတယ်။

သူဟာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သား ဖြစ်ပြီး၊ အရင် NLD ခေါင်းဆောင်တယောက် ဖြစ်တဲ့ ဦးလွင်ရဲ့ သားမက် ဖြစ်ပါတယ်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ မဟာဘွဲ့ ရခဲ့ပြီး အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်မှာ ကွန်ပျူတာ ဘာသာရပ်ကို သင်ကြားခဲ့သူပါ။

ဦးဟင်နရီ ဗန်ထီးယူ ကတော့ ချင်းအမျိုးသား တယောက်ဖြစ်ပြီး B.A (Diploma Law) ဘွဲ့ရတယောက် ဖြစ်ပါတယ်။

သူဟာ မြန်မာ့တပ်မတော် က ဗိုလ်မှူးဟောင်း တယောက်ဖြစ်ပြီး စက်ရုံမှူး တာဝန်တွေလည်း ထမ်းဆောင်ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ