သမ္မတ အဖြစ် ဦးထင်ကျော်ကို NLD ရည်မှန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာချိန်က ဦးထင်ကျော်နဲ့ အတူ တွေ့ရပုံ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နှစ်ပေါင်းများစွာ အတူ လက်တွဲ လုပ်ဆောင် ခဲ့သူလည်းဖြစ် အနီးကပ် ယုံကြည် စိတ်ချရသူ လည်းဖြစ်တဲ့ ဦးထင်ကျော်နဲ့ ချင်းတိုင်းရင်းသားဖြစ်သူ ဦးဟင်နရီ ဗန်ထီးယူတို့ကို သမ္မတလောင်းတွေ အဖြစ် အန်အယ်လ်ဒီက ရွေးချယ်ပြီး အမည်စာရင်း တင်လိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့ သောကြာနေ့မှာ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အသီးသီးမှာ NLD ဘက်က တင်သွင်းတဲ့ သမ္မတလောင်း နှစ်ယောက်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေး ပါတီက တင်သွင်းတဲ့ သမ္မတလောင်း နှစ်ယောက်ထဲကနေ လွှတ်တော် တစ်ရပ် အတွက် သမ္မတလောင်း တစ်ယောက်စီ လျှို့ဝှက် မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အမတ်ဦးရေ ၃၃၀ ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက အမတ် ၂၅၀ ရှိနေတဲ့ အတွက် ကြံ့ခိုင်ရေး ပါတီက တင်သွင်းတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ယှဉ် အရွေးခံမယ့် ဦးထင်ကျော်ဟာ အလွယ်တကူ သမ္မတလောင်း အဖြစ် အနိုင်ရလိမ့်မယ်လို့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အသေအချာ လေ့လာထားသူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောပါတယ်။

အမျိုးသား လွှတ်တော်မှာ ဆိုရင်လည်း မဲပေးမယ့်သူ ၁၆၈ ယောက်မှာ NLD ပါတီ အမတ် ၁၃၅ ယောက်ရှိတဲ့ အတွက် လိုတာထပ်ပိုတဲ့ ထောက်ခံမဲတွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ အနိုင်ရမှာ သေချာတယ်လို့ သူက ပြောပါတယ်။

အဲဒီ လွှတ်တော်နှစ်ရပ်မှာ အရွေးခံရတဲ့ သမ္မတလောင်း နှစ်ယောက်နဲ့ တပ်မတော် ဘက်က တင်လာမယ့် သမ္မတလောင်း တစ်ယောက် စုစုပေါင်း ၃ ယောက်ထဲက နေမှ သမ္မတ၊ ဒုတိယ သမ္မတ ၁ နဲ့ ဒုတိယ သမ္မတ ၂ တို့ကို ပြည်ထောင်စု လွှတ်တော်မှာ တခါ မဲပေး ရွေးကြမှာဖြစ်ပါတယ်။

မဲအများဆုံး ရတဲ့သူက သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး ဒုတိယ မဲ အများဆုံးက ဒုတိယ သမ္မတ ၁၊ မဲအနည်းဆုံးသူက ဒုတိယ သမ္မတ ၂ နေရာတွေ ရကြမှာပါ။

ဦးထင်ကျော်ကို သမ္မတ အဖြစ် မဲပေး ရွေးချယ်ဖို့ NLD ပါတီက သူ့ရဲ့ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ကြိုတင်မှာထားပြီး ဖြစ်တယ်လို့ ဦးကိုနီက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ဦးထင်ကျော်က မဲအများဆုံးနဲ့ သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး တပ်မတော်ဘက်က တင်တဲ့ သူက ဒုတိယ သမ္မတ ၁၊ ဦးဟင်နရီ ဗန်ထီးယူက မဲ အနည်းဆုံးနဲ့ ဒုတိယ သမ္မတ ၂ ဖြစ်လာမယ်လို့လည်း သူက ပြောပါတယ်။

အကြောင်းကတော့ NLD အနေနဲ့ ဦးထင်ကျော် သမ္မတ ဖြစ်ဖို့ မဲတွေ ပုံအောပေးလိုက်တဲ့ အခါ ဦးဟင်နရီ ဗန်ထီးယူကို ပေးမယ့် NLD မဲတွေ မရှိတော့တဲ့ အတွက် တပ်မတော်ဘက်က တင်တဲ့သူက ဒုတိယ မဲအများဆုံး ဖြစ်သွားမှာလို့ ဦးကိုနီက ပြောပါတယ်။

NLD ပါတီ အနေနဲ့ သူတို့ လိုလားသူကို သမ္မတတင်မြှောက်နိုင် ဖို့ရာ မဲအကွဲ မခံနိုင်ဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ