ဒုသမ္မတ ဦးမြင့်ဆွေ ကို ဝေဖန်မှုတွေရှိနေ

ဓာတ်ပုံ မူပိုင် AP
Image caption ဒီမိုကရေစီ စနစ် ကို သွားနေတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲ လိုစိတ် နည်းပါးတဲ့ ခေါင်းဆောင် တစ်ဦး အဖြစ် ထင်ရှားသူ ဖြစ်တယ်လို့ ပြော

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ နဲ့ နီးစပ် သူ ဦးမြင့်ဆွေကို ဒုတိယ သမ္မတ အဖြစ် တပ်မတော်သား အစုအဖွဲ့က ရွေးချယ် ခဲ့တဲ့ အပေါ် လူမှု ကွန်ယက် စာမျက်နှာ တွေမှာ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။

ဦးမြင့်ဆွေ ဟာ ပြုပြင်ပြောင်းလဲလိုစိတ် နည်းပါးတဲ့ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ခဲ့စဉ်က စစ်တပ် အသွင် အုပ်ချုပ် ခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အမတ်ဟောင်း ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

တချို့ စီမံကိန်းတွေဆိုရင် လွှတ်တော် ကို မတင်ပြပဲ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ထဲမှာသာ ဆုံးဖြတ် လုပ်ကိုင် ခဲ့တာတွေ ရှိတယ်လို့ လည်းပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ တိုင်း အစိုးရကို ပြန်လည် ဆန်းစစ်တဲ့ ရေးရာ ကော်မတီတွေ မဖွဲ့စည်းနိုင်လောက်အောင် ခေါင်းဆောင် နိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

တာဝန်ထမ်းဆောင် ခဲ့စဉ် ငါးနှစ်တာ ကာလ အတွင်းမှာ ဆန္ဒပြမှုတွေကို ဦးဆောင် နှိမ်နှင်း ခဲ့သူ တစ်ဦး အဖြစ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီမိုကရေစီ စနစ် ကို သွားနေတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲ လိုစိတ် နည်းပါးတဲ့ ခေါင်းဆောင် တစ်ဦး အဖြစ် ထင်ရှားသူ ဖြစ်တယ်လို့ ပြောဆို နေကြပါတယ်။

တပ်မတော် အပေါ်မှာ သစ္စာ စောင့်သိတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ဦး ဖြစ်ပြီး အခြေခံ ဥပဒေ ကို ကာကွယ်ဖို့ အတွက် အခုလို ရွေးချယ် ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆ နေပါတယ်။

ဒါပေမယ့်လည်း သူဟာ အချို့နေရာတွေမှာတော့ စိတ်ရှည် သည်းခံမှု ရှိသူ တစ်ဦးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်က အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး အခြား ပါတီက ဒုသမ္မတတွေနဲ့ တိုင်းပြည်အရေး အတွက် ပူးပေါင်း လုပ်ဆောင် နိုင်ပါ့မလားလို့ မေးခွန်း ထုတ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ