သမ္မတ ရွေးချယ်မယ့်နေ့ ရောက်ပြီ

  • 14 မတ် 2016
president myanmar ဓာတ်ပုံ မူပိုင် AFP
Image caption NLD သမ္မတလောင်း ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်း စုကြည်

သမ္မတ ရွေးချယ်ပွဲ ကို အင်္ဂါနေ့ မနက် ၁ဝ နာရီက စပြီး ပြည်ထောင်စု လွှတ်တော်မှာ လျှို့ဝှက် မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ် ။

ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်တဲ့ သမ္မတလောင်း ၃ ဦး ထဲက တဦးကို သမ္မတ အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ် ။

သမ္မတလောင်း ၃ ဦး ထဲက မဲအများဆုံး ရတဲ့လူက သမ္မတဖြစ်လာမှာ ဖြစ်ပြီး ဒုတိယ မဲအများဆုံး ရတဲ့လူက ဒုတိယ သမ္မတ ၁ ဖြစ်လာမှာ ဖြစ်ပါတယ် ။

သမ္မတ ရွေးချယ်ရာမှာ တဦးထက် ပိုပြီး ထောက်ခံ ဆန္ဒမဲ ပြုထားတဲ့ လက်မှတ်၊ ဆန္ဒမဲပုံး ပြင်ပမှာ ထားရှိခဲ့တဲ့ လက် မှတ်နဲ့ တဦး တယောက် ကိုမျှ ဆန္ဒပြု ခြင်း မရှိတဲ့ လက်မှတ် တွေကို ပယ်မဲ အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ် ။

ပြည်ထောင်စု လွှတ်တော် မှာ တပ်မတော်သား အစုအဖွဲ့ အပါအဝင် ကိုယ်စားလှယ် ၆၆ဝ ကျော်ရှိပြီး NLD ပါတီ ကိုယ်စားလှယ် တွေက ၇ဝ ရာခိုင်နှုန်း ကျော် ရှိတဲ့ အတွက် NLD အဆိုပြု ထားသူ နှစ်ဦး ထဲက တဦး သေချာပေါက် သမ္မတ ဖြစ်လာဖို့ ရှိပါတယ် ။

တပ်မတော်သား အစု အဖွဲ့က တင်မြှောက် ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က ဒုတိယ သမ္မတ ( ၁ ) ဖြစ်လာဖို့ ရှိတယ် ။

ဖွဲ့စည်းပုံ ဥပဒေ အရ ဒုတိယ သမ္မတ တွေ ဟာ သမ္မတ ကို တာဝန်ခံရပြီး သမ္မတက ပေးအပ်တဲ့ တာဝန် တွေကို ထမ်းဆောင် ရပါတယ် ။

ဒါကြောင့် တပ်မတော်သား အစုအဖွဲ့ က တင်မြှောက် ထားတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေ ဟာ အရပ်သား သမ္မတ တဦးရဲ့ အမိန့်ကို နားခံ နိုင်ပါမလား ။

တပ်မတော် အနေနဲ့ လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ် လို့ မကြာခဏ ပြောဆို နေသလို ဥပဒေ အတိုင်း ဖြစ်ရမယ် လို့လဲ ပြောဆိုမှုတွေ ရှိပါတယ် ။

ဆယ်စုနှစ် ပေါင်း များစွာ အတွင်း အရပ်သား စစ်စစ် တဦး ကို မြန်မာနိုင်ငံ သမ္မတ အဖြစ် မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ