ဒုသမ္မတ ၃ ဦး အရည်အချင်းပြည့်မီ

  • 14 မတ် 2016
Image caption ဦးထင်ကျော်နဲ့ ပတ်သက်ပြီး တပ်မတော် သား အစု အဖွဲ့က ထောက်ခံခြင်း ကန့်ကွက် ခြင်း မပြုပေမယ့်

လွှတ်တော်မှာ အစု အဖွဲ့ ၃ ခုက တင်မြှောက် ထားတဲ့ ဒုတိယ သမ္မတ ၃ ဦးဟာ သမ္မတ အရည်အချင်း နဲ့ ပြည်စုံမူ ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ တနင်္လာနေ့က ကြေငြာလိုက် ပါတယ်။

ဒါပေမယ့်လည်း NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က တင်မြှောက် ထားတဲ့ ချင်း တိုင်းရင်းသား ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နဲ့ ပတ်သက်ပြီး တပ်မတော်က ကန့်ကွက်ခဲ့ ပါတယ်။

ပြည်ထောင်စု လွှတ်တော် အစည်း အဝေးကို သတ်မှတ် ထားတဲ့ အချိန်ထက် ၁ နာရီ ကျော်နောက် ကျ ပြီး မှ ကျင်းပ ခဲ့တာမို့ သမ္မတ လောင်း အရည် အချင်း စိစစ် ရေးနဲ့ ပတ်သက်ပြီး ကန့်ကွက် မှုတွေ ရှိနေပြီ လားဆို တာ အစည်း အဝေး မစခင် ကတည်းက ခန့်မှန်း မှုတွေ ရှိကြ ပါတယ်။

NLD ပါတီ ပြည်သူ့ လွှတ်တော် အစု အဖွဲ့က တင်မြှောက်တဲ့ ဒုတိယ သမ္မတ ဦးထင်ကျော်နဲ့ ပတ်သက်ပြီး တပ်မတော် သား အစု အဖွဲ့က ထောက်ခံခြင်း ကန့်ကွက် ခြင်း မပြုပေမယ့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ အရည် အချင်းနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ် ဖို့လို ကြောင်း တပ်မတော် ဘက်က တင်ပြခဲ့ ပါတယ်။

ဒါပေမယ့်လည်း သမ္မတ အရည်အချင်း ကိုက်ညီမှု ရှိမရှိ စိစစ်ရေး အဖွဲ့က မဲခွဲ ဆုံးဖြတ် ရာမှာ ထောက်ခံမဲ ၆ မဲ ရရှိခဲ့ တာကြောင့် သမ္မတ အရည်အချင်းနဲ့ ကိုက်ညီ တယ်လို့ သတ်မှတ် ခဲ့ပါတယ်။

NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များ အစု အဖွဲ့က တင်မြှောက် ထားတဲ့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကိုတော့ နိုင်ငံခြားမှာ ၆ နှစ် နေခဲ့တယ် ဆိုပြီး တပ်မတော်သား အစု အဖွဲ့က ကန့်ကွက်ခဲ့ ပါတယ်။

တပ်မတော်သား အစု အဖွဲ့က ကန့်ကွက် ပေမဲ့လည်း မဲခွဲ ဆုံးဖြတ် ရာမှာတော့ ၆ မဲ တစ်မဲနဲ့ သမ္မတ ဒုတိယ သမ္မတ အရည် အချင်းနဲ့ကိုက်ညီကြောင်း ဆုံးဖြတ် လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သမ္မတ နဲ့ ဒုတိယ သမ္မတ တွေဟာ မြန်မာ နိုင်ငံမှာ တဆက် တစပ်တည်း နှစ်ပေါင်း ၂၀ နေရမယ်လို့ သတ်မှတ်ထား ပေမယ့် ပြည်ပ နိုင်ငံ တွေကို တရားဝင် သွားရောက်တာ ဟာလည်း တဆက် တစပ်တည်း နေတာနဲ့ အတူတူပဲ လို့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောပါတယ်။

တပ်မတော်သား အစု အဖွဲ့က တင်မြှောက်တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ပတ်သက်ပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ ကြပါတယ်။ ခုလို တပ်ဘက်က ကန့်ကွက် တဲ့ အတွက် အန်အယ်ဒီနဲ့ တပ်မတော်ကြား အတူ ပူးပေါင်း ဆောင်ရွက် နိုင်ကြ မလားလို့ စိုးရိမ်မှုတွေ လည်း ရှိနေကြ ပါတယ်။

ဒါနဲ့ ပတ်သက်လို့ တပ်မတော်ဘက် က ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်တင်စန်းနိုင် ကတော့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပေမယ့်၊ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ အပေါ် ကန့်ကွက် ချက်က လွှတ်တော်မှာ မှတ်တမ်း တင်ယုံနဲ့ ပြီးချင်မှ ပြီးမယ့် သဘောမျိုး ရှိနေပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကို နိုင်ငံတော် သမ္မတ ပြည်သူ့ လွှတ်တော် ဥက္ကဌ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတို့ က တင်ပြခွင့် ရှိပါတယ်။

တပ်မတော်သား အစု အဖွဲ့ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဘယ်သူ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကို တင်ပြ ပေးမလဲဆိုတာ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။