ဖွဲ့စည်းပုံအရ သမ္မတထက် ကျော်လွန်တဲ့ ရာထူးအာဏာမျိုး မဖန်တီးနိုင်

_u_htin_kyaw_president
Image caption ပုဒ်မ ၂၁၇ ပါ စကားရပ် ဟာ နိုင်ငံ ဥသျှောင် လိုမျိုး အခေါ်အဝေါ် တွေ အကြောင်း ပြောထား တာ မဟုတ်ပဲ လွှဲပြောင်း ပေးနိုင်တဲ့ လုပ်ပိုင် ခွင့် အာဏာ အပေါ်သာ ဆိုလိုတာ ဖြစ်။

ပြည်ထောင်စု လွှတ်တော် ကနေ ဦးထင်ကျော်ကို သမ္မတ အဖြစ် တင် မြှောက် ခဲ့ ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး လူတွေ ရဲ့ ခန့်မှန်း ပြောဆိုချက် တွေ ထွက်ပေါ် လာနေပါတယ်။

ဖွဲ့စည်းပုံပါ ပုဒ်မ ၂၁၇ ကို ရည်ညွှန်း ပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ ဥသျှောင် ရာထူး လိုမျိုး ဖန်တီး ပေး ထားနိုင်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြတာ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ပုဒ်မ ၂၁၇ အရ ပြည်ထောင်စု လွှတ်တော် ကနေ အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုကို ဖြစ်စေ၊ အာဏာပိုင် တစ်ဦးဦး ကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးအပ်ခြင်း မပြုနိုင်ဟု မသတ်မှတ်ရ လို့ ဆိုထားပါတယ်။

ဒီ အဓိပ္ပာယ်ဟာ လွှတ်တော် ကနေ အာဏာပိုင် တစ်ဦးဦး ကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးအပ်နိုင်တယ် လို့ ဖွင့်ဆိုသူ တချို့ကတော့ လွှတ်တော် အနေနဲ့ အဲဒီ့ ပုဒ်မ ၂၁၇ ကို အသုံးပြုပြီး ဒေါ်အောင်ဆန်း စုကြည် အတွက် ရာထူး နေရာ တစ်ခု ဖန်တီး ပေးနိုင်တယ် လို့ သုံးသပ် နေကြပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစိ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေ အကြံပေးလည်း ဖြစ်၊ တရား လွှတ်တော် ရှေ့နေ တစ်ဦးလည်း ဖြစ်တဲ့ ဦးကိုနီ ကတော့ အဲဒီ့ သုံးသပ်မှု အပေါ် သဘော မတူပါဘူး။

အဲဒီ့ ပုဒ်မ ၂၁၇ ဟာ မြန်မာ နိုင်ငံရဲ့ ပထမဆုံး ၁၉၄၇ ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၅၉ ကို ပြန်ကူးယူ ထားတာ ဖြစ်ပြီး အမြင့်ဆုံး အုပ်ချုပ်ရေး အစိုးရ အာဏာ ဝန်ကြီးချုပ်မှာ ရှိတဲ့ ပါလီမန် ဒီမိုကရေစီ စံနစ် အတွက် ဖြစ်တယ် လို့ ဦးကိုနီက ဆိုပါတယ်။

ပါလီမန် ဒီမိုကရေစီ စံနစ် မှာ နိုင်ငံအကြီးအကဲ အနေနဲ့ သမ္မတ ခန့်အပ် ထား ပေမယ့် အုပ်ချုပ်ရေး အာဏာ ဟာ သမ္မတမှာပဲ ရှိတယ်လို့ မဆိုလိုကြောင်း ရေးသားထားတဲ့ ပုဒ်မ ဖြစ်တယ် လို့ ဦးကိုနီ က ပြောပါတယ်။ ဒါ့ကြောင့် သမ္မတ စံနစ် မျိုးမှာ အခုလို ပုဒ်မ မျိုးကို ဖွဲ့စည်းပုံထဲ ထည့်သွင်း ထားတာ ဟာ ရှုပ်ထွေးမှု တွေ ဖြစ်လာစေတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁၇ ပါ စကားရပ် ဟာ နိုင်ငံ ဥသျှောင် လိုမျိုး အခေါ်အဝေါ် တွေ အကြောင်း ပြောထား တာ မဟုတ်ပဲ လွှဲပြောင်း ပေးနိုင်တဲ့ လုပ်ပိုင် ခွင့် အာဏာ အပေါ်သာ ဆိုလိုတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီ ပုဒ်မ ကို အသုံးပြုပြီး တစ်ဦး တစ်ဖွဲ့ကို လွှတ်တော် က လုပ်ပိုင် ခွင့် အာဏာ အပ်နှင်းလို့ ရတာ မှန်ပေမယ့် ဖွဲ့စည်းပုံ နဲ့ မဆန့်ကျင် ရ ဆိုတဲ့ စကားရပ် လည်း ပါဝင် နေတယ် လို့ ဦးကိုနီ က ထောက်ပြ ပါတယ်။

အဲ့ဒီ့ အဓိပ္ပာယ်ဟာ သမ္မတ အာဏာကို ကျော်လွန် တဲ့ အာဏာမျိုးကို လွှတ်တော် က တစ်ဦးတစ်ယောက် ကို ပေးအပ် နိုင်ခြင်း မရှိဘူး ဆိုပြီး ဦးကိုနီ က ဖွင့်ဆိုပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁၈ (ခ)မှာလည်း သမ္မတ အနေနဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ကို ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ် အရ ဆောင်ရွက်ရန် တာဝန် ရှိတဲ့ ပုဂ္ဂိုလ် ကို ဖြစ်စေ အာဏာ ခွဲဝေ ပေးနိုင် တယ် လို့ ဖော်ပြ ထားပါတယ်။

အဲဒီ့ ပုဒ်မ ၂၁၈ (ခ) အရ သမ္မတ ကနေ တစ်ဦးတစ်ယောက်ကို လုပ်ပိုင်ခွင့် အာဏာ တစုံတရာ အပ်နှင်း နိုင်ပေမယ့် အပ်နှင်း ခံရသူဟာ သမ္မတ ကိုပဲ တာဝန်ခံ ရမှာ ဖြစ်တဲ့ အတွက် သမ္မတ ထက် ကျော်လွန် တဲ့ အာဏာမျိုး ရရှိ နိုင်မှာ မဟုတ်ဘူး လို့ ဦးကိုနီ က ဖွင့်ဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ