ခရစ်ယာန်ကို ဒုသမ္မတတင်တာ မလိုလား

van_htee_yu ဓာတ်ပုံ မူပိုင် epa
Image caption ခရစ်ယာန် ဘာသာဝင် ဒု သမ္မတ ၂ ဦးဗန်ထီးယူ

ဒုတိယ သမ္မတ (၂) အဖြစ် ချင်း တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် ဦးဟင်နရီ ဗန်ထီးယူကို ပြည်ထောင်စု လွှတ်တော် က အတည်ပြု ရွေးချယ်လိုက် လို့ ဆိုပြီး ဗုဒ္ဓ ဘာသာ သံဃာ့ အဖွဲ့အစည်း တခု က ကန့်ကွက် ဆန္ဒပြဖို့ ခွင့်ပြုမိန့် တင်ထားပါတယ်။

ခရစ်ယာန် ဘာသာဝင် ဒု သမ္မတ ၂ ဦးဗန်ထီးယူ ကို ရွေးချယ်တဲ့ အပေါ် မှော်ဘီ မြို့နယ်မှာ အခြေစိုက်တဲ့ ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဦးဆောင်ပြီး ကန့်ကွက်ကြောင်းနဲ့ ဗဟန်း မြို့နယ်မှာ ဆန္ဒ ထုတ်ဖော်ဖို့ သက်ဆိုင်ရာ ကို ခွင့်ပြုချက် တင်ထားတယ် လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင် ဆရာတော် အရှင် အဂ္ဂဓမ္မ က ဆန္ဒ ထုတ်ဖော်ပွဲ လုပ်ဖို့ ခွင့်ပြုမိန့် မရရင် သူတို့က ဥပဒေ ချိုးဖောက်ပြီး လုပ်မှာ မဟုတ်ဘူးလို့ မိန့်ပါတယ်။

ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေး အဖွဲ့ဟာ ၂ဝ၁၁ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရဟန်း သံဃာတွေ အပြင် ဗုဒ္ဓဘာသာ ကို ကာကွယ် စောင့်ရှောက် လိုသူ လူငယ် တွေနဲ့ ဖွဲ့စည်း ထားတာလို့ သိရပါတယ်။

ခုလို ဗုဒ္ဓဘာသာဝင် တချို့ရဲ့ ကန့်ကွက်ချက် အပေါ် ခရစ်ယာန် ဘာသာဝင်တွေ အနေနဲ့ တုံ့ပြန်စရာ မရှိဘဲ ဒု သမ္မတ ၂ ဦးဗန်ထီးယူ နိုင်ငံ အကျိုးပြု ဖို့ ဒီလို ရွေးချယ်ခံရတဲ့ အပေါ် ဝမ်းမြောက်ကြောင်း ခရစ်ယာန် နှစ်ခြင်း အဖွဲ့ချုပ်ရဲ့ တွဲဘက် အတွင်းရေးမှူး ဆရာ စမ်းဆမ်က ပြောသွားပါတယ် ။

ကန့်ကွက်လိုတဲ့ ဗုဒ္ဓ ဘာသာဝင် အဖွဲ့ ကတော့ ဆင်းရဲ နွမ်းပါးတဲ့ ဗုဒ္ဓ ဘာသာဝင် တွေကို တခြား ဘာသာဝင် တွေက အခွင့်အရေးပေး စည်းရုံး တာကြောင့် ဘာသာပြောင်း သွားရတဲ့ သာဓကတွေကို နမူနာ ထိုးပြပြီး ဒီလိုမျိုး တွေကို ထိန်းကွပ် နိုင်ဖို့ ဗုဒ္ဓဘာသာ ခေါင်းဆောင် အကြီးအကဲ ကိုသာ အလိုရှိတာမို့ ဘာသာခြား နိုင်ငံ ခေါင်းဆောင်ကို ကန့်ကွက်ရတာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ