ပြန်ပေးတဲ့ သိမ်းဆည်းမြေ စာရင်းထုတ်ပြန်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက မြေယာ သိမ်းဆည်းမှုနဲ့ ဖြေရှင်း ပေးအပ်ပြီး စာရင်းတွေကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရှိတဲ့ သိမ်းဆည်းမြေဧက ၄သိန်းခွဲကို မူလ ပိုင်ရှင်တွေထံ ပြန်လည်စွန့်လွှတ်မှာ ဖြစ်ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့အထိ မြေဧက ၄သိန်းနီးပါးလောက် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တောင်သူလယ်သမားအခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေယာ ဥပဒေသင်တန်း ပို့ချပေးနေတဲ့ မကွေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အကြံပေး ဦးအောင်ကျော်ကျော်ကတော့ မြန်မာတနိုင်ငံလုံးမှာ စစ်တပ်နဲ့ အဖွဲ့အစည်းပေါင်းစုံက သိမ်းဆည်းထားတဲ့ မြေဧက စုစုပေါင်း ၅ဒဿမ၂သန်း ရှိတယ်လို့ လန်ဒန်အခြေစိုက် PNI ဆိုတဲ့ နိုင်ငံခြား အဖွဲ့အစည်းတခုရဲ့ စစ်တမ်း ကောက်ယူချက်အရ သိရကြောင်းနဲ့ အခု ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအတိုင်း ဆိုရင် ကျန်တဲ့ မြေဧက အမြောက်အများကို ပြန်မစွန့်လွှတ်တော့ဘူး ဆိုတဲ့ သဘော တွေ့ရကြောင်း ဘီဘီစီကိုပြောပါတယ်။

စစ်အစိုးရခေတ် မြေယာတွေ သိမ်းဆည်းခဲ့စဉ်တုန်းက ၁၈၉၄ခုနှစ် မြေသိမ်း အက်ဥပဒေအရ မြေစာရင်းဉီးစီးမှူးတွေက မြေပုံမြေညွှန်းတွေနဲ့ စနစ်တကျ တွက်ချက် သိမ်းယူခဲ့တာ မဟုတ်ပဲ အမိန့်အာဏာနဲ့ လက်ညှိုးထိုး သိမ်းခဲ့တာ ဖြစ်တဲ့အတွက် ပြန်စွန့်လွှတ်တဲ့အခါ ဘယ်လို ပြန်ပေးရမလဲ ဆိုတာ မသိတော့သလို မြေပိုင်ရှင်တွေကိုယ်တိုင်လည်း သူတို့မြေ ဘယ်နားမှာ ရှိခဲ့တာလဲ ဆိုတာကို မမှတ်မိတော့တဲ့ ပြဿနာမျိုးတွေ ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခဲ့တုန်းက အစိုးရ အာဏာပိုင်တွေ၊ ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ပဲ ဖွဲ့ခဲ့တာ ဖြစ်ကြောင်း၊ တကယ်ဆိုရင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မြေယာအငြင်းပွားမှု ဖြေရှင်းရေး ယန္တရား ဆိုတာကို ဖွဲ့သင့်ကြောင်းနဲ့ အစိုးရ အာဏာပိုင်တွေရော၊ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ တောင်သူလယ်သမား ခေါင်းဆောင်တွေပါ ပါဝင်ခွင့် ပြုပြီး လုပ်ပိုင်ခွင့် အာဏာ အပြည့်ပေးမှသာ အောင်မြင်မှာ ဖြစ်ကြောင်း မကွေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အကြံပေး ဦးအောင်ကျော်ကျော်က ပြောပါတယ်။