မြန်မာ စပါးကြီးမြွေ အောင်လ ပြိုင်ဘက် အီဂျစ် ကို အနိုင်ယူ

_burmese_python_aung_la_
Image caption ပြိုင်ဘက် ရဲ့ လည်ပင်းကို အောင်လ က ပိုင်ပိုင် နိုင်နိုင် ချုပ် မိသွား လို့ မိုဟာမက် အလီ က အရှုံး ပေးကြောင်း အချက် ပြ ခဲ့ ရ။

မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ MMA one championship ကိုယ်ခံပညာ ပေါင်းစုံ အတိုက် အခိုက် ပြိုင်ပွဲမှာ Burma Python လို့ ခေါ်တဲ့ အောင်လ အဲန်ဆန် က ပြိုင်ဘက် အီဂျစ် နိုင်ငံသား မိုဟာမက် အလီကို ပထမ အချီမှာပဲ အနိုင် ရရှိခဲ့ပါတယ်။

ပွဲစပြီး ၂ မိနစ် ကျော် မှာ အောင်လ ရဲ့ ကန်ချက် ပြိုင်ဘက် ကစားသမား မိုဟာမက် အလီ ရဲ့ ဗိုက်ကို ထိပြီး၊ အဲဒီ့ ခြေ ထောက်ကို ချုပ်ကိုင် ဖို့ ကြိုးစားတဲ့ ပြိုင်ဘက် ရဲ့ လည်ပင်းကို အောင်လ က ပိုင်ပိုင် နိုင်နိုင် ချုပ် မိသွား လို့ မိုဟာမက် အလီ က အရှုံး ပေးကြောင်း အချက် ပြ ခဲ့ ရပါတယ်။

သုဝဏ္ဏ အားကစားရုံမှာ ကျင်းပခဲ့တဲ့ အဲဒီ့ ပွဲမှာ အီဂျစ် ကစားသမား ဟာ လူကောင်လည်းကြီး သလို ပွဲအစ မှာ ဇွတ် အတင်းဝင် ပြီး လက်သီးပြင်းပြင်း တွေ နဲ့ ဖိထိုး ခဲ့ ပါတယ်။

မိုဟာမက် အလီ ရဲ့ လက်သီး အား ပြင်းတယ် ဆိုတာ သိထားတဲ့ အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှု တွေ ပြုလုပ် ထားတယ် ဆိုပြီး ကချင် တိုင်းရင်းသား အောင်လ က ပွဲအပြီး မှာ ဘီဘီစီ ကို ပြောပါတယ်။

ပွဲ တိုင်းမှာ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ဖိအားမျိုး ရှိ ပေမယ့် စိတ်ကို အေးဆေး တည်ငြိမ် စွာ ထားနိုင် ဖို့ က အရေးကြီးဆုံး ဖြစ်တယ်လို့ လည်း အမေရိကန် နိုင်ငံ မှာ ဗမာ့ စပါးကြီး ဆိုပြီး နာမည် တစ်လုံး ထူထောင် နိုင် ပြီ ဖြစ်တဲ့ အောင်လ က ဆိုပါတယ်။

သူ့ ရဲ့ အနိုင်ပွဲဟာ ပရိတ်သား အားလုံး အတွက် ဖြစ်တယ် လို့ အောင်လ က ပြောပြီး သူ့ရဲ့ အနိုင်ငွေ ထဲက တချို့ကို ကချင် ပြည်နယ် ထဲက စစ်ဘေးရှောင် ဒုက္ခသည် တွေ အတွက် လှူဒါန်း သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ