အစိုးရသစ်ပြန်ကြားရေးဝန်ကြီးဌာန ဝါဒဖြန့်ဖို့မဟုတ်

  • 18 မတ် 2016
Image caption ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်တင်ပြတဲ့ ဝန်ကြီးဌာန ၂၁ ခုတင်ပြခဲ့

ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ကိုတင်ပြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ရဲ့ ဝန်ကြီးဌာန ၂၁ ခုထဲမှာ မထင်မှတ်ထားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ပါလာခဲ့ပါတယ်။

NLD ပါတီကအရင်က ပြန်ကြားရေးဝန်ကြီးဌာနဟာ မရှိသင့်တော့တဲ့ ဝန်ကြီးဌာနလို့ ပြောဆိုနေခဲ့တာပါ။ အစိုးရရဲ့ မူဝါဒတွေကို ပြည်သူလူထုကို အသိပေးဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဆက်ရှိနေသင့်သေးတယ်လို့ ယူဆတာကြောင့် အခုလို ဆက်ထားခဲ့တာလို့ NLD ပါတီ ရဲ့ပြောရေးဆိုခွင့်ရှိသူဗဟိုအလုပ်အမူ့ဆောင်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံကြီးတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန မရှိကြတော့သလို မြန်မာနိုင်ငံမှာလည်း တချိန်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လောလောဆယ် ပြည်သူတွေသိအောင် ပြောရ ဆိုရတာတွေရှိနေလို့ အခုလို ဆက်ထားခဲ့တာလို့ ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပြီး ဝါဒဖြန့်ဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာမြန်မာ့သတင်း BNI ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ဦးဇင်လင်းကတော့ အဆင့်ဆင့် အချိန်ယူပြီးမှ ဖျက်သိမ်းလိမ့်မယ်လို့ ယူဆကြောင်းပြောဆိုခဲ့ပြီး NLD အစိုးရသစ်လက်ထက်မှာ အရင် ဦးသိန်းစိန်အစိုးရထက် သတင်းလွတ်လပ်ခွင့် ပိုရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာလည်း ဦးထင်ကျော်တင်ပြထားတဲ့ဝန်ကြီးဌာနတွေနဲ့ ပတ်သက်လို့ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ လာမဲ့တနင်္လာနေ့မှာတော့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို တချို့ဝန်ကြီးဌာနတွေကို လျော့ချပြီး ပေါင်းစပ်ဖွဲ့စည်းရတာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ ဦးထင်ကျော်က ဝန်ကြီးဌာနတွေကို ဦးဆောင်မယ့် ပြည်ထောင်စုဝန်ကြီးတွေရဲ့စာရင်းကို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြမှာဖြစ်ပါတယ်။

ဒီစာရင်းကို NLD ဖက်ကတရားဝင်ထုတ်ပြန်ထားတာမရှိသေးပေမယ့် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အစိုးရအဖွဲ့သစ်မှာ NLD က ၃၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်မှာဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ တခြားသောပါတီက ကိုယ်စား လှယ်တွေနဲ့ ပါတီဝင်မဟုတ် တဲ့ပညာရှင်တွေ ပါဝင်လာမယ်လို့ ဒီလအစောပိုင်းက ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ အစိုးရအဖွဲ့မှာ တာဝန်ပေးမယ်လူတွေကို ခေါ်ယူတွေဆုံမူတွေ ရှိနေတယ်လို့ ပါတီထိပ်ပိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပြန်ကြားရေးဝန်ကြီးအဖြစ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ဦးဖေမြင့်၊ အငြိမ်းစားသံအမတ်ကြီးဦးကျော်တင့်ဆွေက နိုင်ငံခြားရေး ဖက်မှာတာဝန်ယူနိုင်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဖက်မှာတော့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေးကိုတာဝန်ပေးနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် တစ်ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ၅ ဦးလောက်သာ ပြည်ထောင်စုဝန်ကြီးနေရာတွေမှာ ပါဝင်နိုင်တယ်လို NLD နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတရုံးလို နေရာမျိုးမှာတော့အာဏာလွဲပြောင်းရေးအဖွဲ့မှာ ပါဝင်တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးအောင်နဲ့ ပို့ဆောင်ရေးဖက်မှာတော့ ယခင် ပို့ဆောင်ရေး ဝန်ကြီးဌာနမှာ အုပ်ချုပ်မှုဒါရိုက်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မုံရွာမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်မောင်တို့ ပါဝင်လာနိုင်တယ်လို့သတင်းတွေထွက်ပါတယ် လာမဲ့ တနင်္ဂနွေနေ့မှာတော့ ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာတော့ အစိုးရအဖွဲ့မှာပါဝင်ယ့်သူတွေကို အပြီးသတ်ရွေးချယ်မှာဖြစ်တယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ