ဝန်ကြီးလျာထားသူရဲ့ ပါရဂူဘွဲ့ အတုဖြစ်နေ

  • 23 မတ် 2016
Proposed minister U Kyaw Win ဓာတ်ပုံ မူပိုင် AP
Image caption ပါရဂူဘွဲ့ကို အမှန်တကယ် ကြိုးစား ရယူထားတာ လို့ဆို

မြန်မာ အစိုးရ အဖွဲ့သစ်မှာ စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်ထားဖို့သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ကို တင်ထားသူ ဦးကျော်ဝင်းရဲ့ ပါရဂူ ဘွဲ့ဟာ အတု ဖြစ်နေတယ် ဆိုတာ ပေါ်ထွက် လာပါတယ်။

ဦးကျော်ဝင်းကတော့ သူ့က ဘွဲ့လက်မှတ် အတု လုပ်တာ မဟုတ်ကြောင်းနဲ့ အဲဒီ ပါရဂူဘွဲ့ကို အချိန်ကုန် ငွေကုန်ခံပြီး ကိုယ်တိုင် အမှန်တကယ် ကြိုးစား ရယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၀၉ ခုနှစ် လောက်က Online တက္ကသိုလ်တွေ ခေတ်စားလာချိန်က အမေရိကန် ပညာရေးဌာနက လိုင်စင် ထုတ်ပေးထားတယ် ဆိုတဲ့ Brooklyn Park တက္ကသိုလ်မှာ ပညာသင်ခွင့် လျှောက်ထားပြီး ၂၀၁၁ ခု နှစ်ဆန်းလောက် အထိ လေ့လာ သင်ယူခဲ့တယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

အဲဒီ ကျောင်းဟာ ပါကစ္စတန် နိုင်ငံက ဘွဲ့လက်မှတ် ရောင်းစားတဲ့ ကျောင်းအတု ဖြစ်ပါတယ်။

ကျောင်းအတုမှန်း သိခဲ့ အပြီး သူ့နာမည်နောက်မှာ ဒေါက်တာဆိုတဲ့ ဘွဲ့ကို ထည့်မရေးတော့ဘူးလို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

သူ့ရဲ့ ကိုယ်ရေး အချက်အလက် မှတ်တမ်းထဲမှာ ထည့်သွင်း ဖော်ပြထားတဲ့ သူ ပါရဂူဘွဲ့ ရယူ ခဲ့တဲ့ Brooklyn Park ကျောင်းဟာ အတု အဖြစ် ကြေညာခံ ထားရတဲ့ တက္ကသိုလ် ဖြစ်တယ်ဆိုတာ သူ ဘွဲ့ယူပြီးမှ သိခဲ့ရတယ်လို့ ဦးကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အန်အယ်လ်ဒီကို ပေးခဲ့တဲ့ ကိုယ်ရေး မှတ်တမ်းမှာ PhD ဘွဲ့ ကို ထည့်သွင်းမိတာနဲ့ ပတ်သက်လို့တော့ သူက အရင် မှတ်တမ်းဟောင်းကို Copy လုပ်ပြီး ပြန်လည် Paste လုပ်ရာမှာ စိစစ်ဖို့ ပေါ့လျော့ သွားခဲ့တာလို့ ဦးကျော်ဝင်းက ပြောပါတယ်။

အန်အယ်လ်ဒီ ဘက်ကတော့ ဘွဲ့လက်မှတ် အတု ကိစ္စက အရေးမကြီးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ