ရခိုင် အစိုးရကို ANP ဖွဲ့စည်းရေး ဆန္ဒပြ

  • 23 မတ် 2016
sittwe ဓာတ်ပုံ မူပိုင် epa

စစ်တွေမြို့မှာ လူပေါင်း တထောင်ကျော် ခန့် ရခိုင် ပြည်နယ် အစိုးရ ကို ရခိုင် အမျိုးသားပါတီ က ဦးဆောင် ဖွဲ့စည်းခွင့် ရရှိရေး ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၂၃ ရက်နေ့ နေ့လယ်က စစ်တွေမြို့ လမ်းမ တွေပေါ် ချီတက်ပြီး ပြည်နယ် ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီ က ခန့်အပ်ရေးနဲ့ ပြည်နယ် အစိုးရ ကိုလည်း ရခိုင် အမျိုးသားပါတီ က ဦးဆောင် ဖွဲ့စည်းခွင့် ရရှိရေး တောင်းဆို ဆန္ဒပြကြ ခဲ့ကြပါတယ်။

စစ်တွေမြို့ လမ်းမ တွေပေါ်မှာ ပိုစတာတွေ၊ ဆိုင်းဘုတ် တွေ ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့် ရရေး၊ ဝန်ကြီးချုပ် ကို ရခိုင် အမျိုးသား ပါတီက ခန့်အပ်ရေး၊ ရခိုင် ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရေး ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ခုလို ရခိုင်တွေ လမ်းပေါ်ထွက် ဆန္ဒပြ ရအောင်ထိ ဖြစ်လာရ တာက ANP က ထုတ်ပြန်တဲ့ ၁/ ၂ဝ၁၆ နဲ့ ၂/ ၂ဝ၁၆ ကို ထောက်ခံတဲ့ အတွက် ဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ANP အနေနဲ့ NLD ကို တွေ့ဆုံဖို့ တောင်းဆို ထားပြီး ဝန်ကြီးချုပ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး ကွဲလွဲမှု အချို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နောက်တပတ် လောက် ဆိုရင် ပါတီကြီး နှစ်ခု အနေနဲ့ တွေ့ဆုံကောင်း တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် ဟာ နိုင်ငံရေး အရ အရှုပ်အထွေးတွေ ရှိတဲ့ အပြင် မတည်ငြိမ်မှုတွေ လည်း ရှိနေတဲ့အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေး၊ ပြည်နယ် အစိုးရ ဖွဲ့စည်းရေး ကိစ္စတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသား ပါတီ အကြား တွေ့ဆုံညှိနှိုင်း ဖြေရှင်း သွားရင် ပြေလည်မှုတွေနဲ့ အတူ ရလဒ်ကောင်းတွေ ထွက်ရှိ လာလိမ့်မယ် လို့ ယုံကြည် မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ