နွေအစ နိုင်ငံအနှံ့ ရေရှားပါးမှု ကြုံနေရ

  • 24 မတ် 2016
yangon_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန် နားမှာတင် ရေရှားပါးမှု စတင်

ချင်းပြည်နယ် ကလွဲလို့ ကျန် ပြည်နယ် တိုင်းအားလုံးက ကျေးရွာပေါင်း (၁၇ဝ)ကျော်မှာ ရေပြတ်လတ်မှု ကြုံတွေ့နေရတယ် လို့ ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန က ပြောပါတယ်။

မြန်မာ နိုင်ငံ အနှံ့က ကျေးရွာပေါင်း (၁၇ဝ) ကျော်မှာ ရေပြတ်လတ်မှု ကြုံနေရပြီး မန္တလေး၊ မကွေး၊ မွန် ပြည်နယ် တွေက ကျေးရွာတွေ မှာတော့ ရေပြတ်တာ ကို အဆိုးရွားဆုံး ခံစားနေရတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ကတော့ လောလောဆယ် စိမ့်စမ်းရေ ရှိနေသေး တာကြောင့် ဖြစ်ပေမယ့် လာမယ့် ဧပြီ မေလ တွေမှာ ချင်းပြည်နယ် အပါအဝင် ပြည်နယ်နဲ့ တိုင်းအားလုံး မှာ ရေပြတ်လတ်မှု ကြုံရဖို့ ရှိနေပါတယ်။

စာရင်း ကောက်ယူ ထားချက် တွေအရ တနိုင်ငံလုံးက ကျေးရွာပေါင်း (၁၇ဝဝ)ကျော်မှာ ရေပြတ်တာ ရင်ဆိုင်နိုင်တယ် လို့ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောပါတယ်။

ရေပြတ်လတ်မှု ကြုံနေရတဲ့ ရွာတွေမှာ ရေသယ်ယာဉ်၊ မီးသတ်ယာဉ် တွေနဲ့ ရေဖြန့်ဝေပေး နေပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဌာန နဲ့ အလှူရှင်တွေ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း စတာတွေက ကူညီမှု ပေးနေတာ တွေ ရှိပါတယ်။

ဒါပေမဲ့ ကျေးရွာတွေ ဘက်က ပူပေါင်း ဆောင်ရွက်မှု တွေလဲ လိုတယ် ဆိုပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ပြောပါတယ်။

အခုလိုမျိုး နွေရာသီ ရောက်တိုင်း မြန်မာနိုင်ငံက ဒေသ အချို့မှာ ရေပြတ်တာကို နှစ်စဉ် ကြုံတွေ့ရပါတယ်။

မနှစ်ကတော့ ဧပြီလလယ် လောက်မှ ရေပြတ်တာ စခဲ့ပေမယ့် ဒီနှစ်မှာတော့ ပူပြင်း ခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတု ကြောင့် ကျေးရွာအချို့မှာ ဖေဖော်ဝါရီလ ကတည်းက ရေပြတ်လပ်မှု ကြုံနေရတာ ဖြစ်ပါတယ်။

ပညာရှင်တွေ ကတော့ အခုနှစ်မှာ ဟာ အရင်နှစ်တွေ ကထက် ရေပြတ်လပ်မှု (၃)ဆပိုမယ် လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ