NLD နဲ့ ANP ကိုယ်စားလှယ်တွေ တွေ့ဆုံ

  • 24 မတ် 2016
aye_tha_aung ဓာတ်ပုံ မူပိုင် epa
Image caption ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရခိုင် အမျိုးသားပါတီ (ANP) က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ မတ်လ ၂၄ ရက် ညနေပိုင်းမှာ နေပြည်တော်က စည်ပင် ဧည့်ရိပ်သာ တွေ့ဆုံပြီး ဆွေးနွေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တို့ အပါအဝင် NLD ဘက်က ၅ ဦး တက်ပြီး ANP ကတော့ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးဘရှင် တို့ အပါအဝင် အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦး တက်ရောက် ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ သူတို့ လိုလားတဲ့ သဘောတူညီမှု ကို ရရှိခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်တွေ နောက်အပတ်မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ယေဘုယျ သဘောတူညီမှု ရရှိခဲ့ပေမယ့် နေ့ရက် အတိအကျတော့ မသတ်မှတ်ရသေးဘူး လို့ ဆိုပါတယ်။

ရခိုင်အမျိုးသား ပါတီ ဘက်က ခုလို ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ တွေ့ဆုံဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ အပေါ်မှာ ဝမ်းသာ ကြိုဆိုတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ တောင်းဆိုနေတဲ့ ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင် ဖွဲ့စည်းခွင့်ရရေး ကတော့ ဆွေးနွေးပြီးမှ သိနိုင်လိမ့်မယ် လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ တည်ငြိမ် အေးချမ်းရေးကိစ္စ အပါအဝင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကိုလည်း အလွတ်သဘော နှစ်ဘက် ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ