ဝန်ကြီးသစ်တွေ ရက် ၁၀၀ စီမံချက် ရေးထားဖို့ ဒေါ်စုပြော

Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် EPA
Image caption လွှတ်တော်က အတည်ပြုထားတဲ့ ဝန်ကြီးတွေကို ပထမဆုံး ဒေါ်စု တွေ့ဆုံ

အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ လွှတ်တော်က အတည်ပြုထားတဲ့ ပြည်ထောင်စု ဝန်ကြီး ၁၄ ယောက်တို့ မတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ရက် ၁၀၀ စီမံချက် လို့ ခေါ်တဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဝန်ကြီးဌာန အလိုက် ဆောင်ရွက်မယ့် ကိစ္စတွေကို ရေးဆွဲထားဖို့ ဒေါ်အောင်ဆန်း စုကြည်က မှာ လိုက်တယ်လို့ ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်လာမယ့် သူရဦးအောင်ကိုက ပြောပါတယ်။

ရက် ၁၀၀ အတွင်း အကောင် အထည်ဖော်နိုင်မယ့် လုပ်ငန်းတွေကို အဓိက ရေးဆွဲဖို့လည်း ဒေါ်အောင်ဆန်း စုကြည်ကမှာတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတလူ ငါတမင်း မလုပ်ဖို့လည်း ဒေါ်အောင်စုကြည်က ပြောလိုက်တယ်လို့ ဝန်ကြီး တချို့က ပြန် ပြောပြ ပါတယ်။

ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီး အသစ် ဖြစ်လာမယ့် သူရ ဦးအောင်ကို ကတော့ ဘာသာ သာသနာနဲ့ လူမျိုးရေးကို အဓိက သွေးခွဲလုပ်ဆောင်လာ နိုင်ဖွယ် ပြဿနာတွေ အတွက် ဘာသာရေးသတိ၊ နိုင်ငံရေး သတိတွေနဲ့ တားဆီးကာကွယ်နိုင်ရေး အစီအစဉ်တွေကို သူ့ရဲ့ ရက် ၁၀၀ စီမံချက်မှာ ထည့်သွင်းမယ်လို့ ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ မြန်မာ နိုင်ငံက ၆ သိန်းကျော်ရှိတဲ့ သံဃ အဖွဲ့ အစည်း အဆင့်ဆင့်နဲ့ ထိတွေ့ပြီး နားလည်မှု တည်ဆောက်မယ်၊ ဘာသာကြီး လေးရပ် စိတ်ဝမ်းမကွဲရေး၊ သွေးထိုးတာ တွေကို မယုံကြည်ရေး နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အစီအမံတွေကို ရေးဆွဲမယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့က လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပြီး ညနေပိုင်း သမ္မတ အိမ်တော်မှာ အာဏာ လွှဲပြောင်းရေး အခမ်းအနား ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ဝန်ကြီးသစ်တွေက ဧပြီလ ၁ ရက်နေ့က စပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကို စတင် တာဝန်ယူ တော့မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ