ရန်ကုန်မှာ stock စျေးကွက် စတင်ဖွင့်လှစ်

Image caption အရင်က ထုတ်ရောင်းထားပြီး ရှယ်ယာတွေကို အရောင်းအဝယ်လုပ်

မတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်တဲ့ ရန်ကုန် stock exchange ရဲ့ ပထမဆုံး အစုရှယ်ယာ အရောင်းအဝယ်တွေကို စတင်ပါတယ်။

အစုရှယ်ယာ ရောင်းချခွင့်ရထားတဲ့ ကုမ္ပဏီတွေထဲမှာပါတဲ့ FMI ကုမ္ပဏီက ရှယ်ယာတွေနဲ့ ဈေးကွက်ကို စတာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာကြာပြီးမှ ပထမဆုံး စလုပ်တဲ့ stock ရှယ်ယာ အရောင်းအဝယ်ကို အများစုက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဆူးလေဘုရားလမ်းနဲ့ ကုန်လည်လမ်းထောင့်မှာ ရှိတဲ့ အရင် မြဝတီဘဏ်ရုံးချုပ်ဟောင်းနေရာက ရန်ကုန် stock exchange ရုံးမှာ ပထမဆုံးအနေနဲ့ FMI ကုမ္ပဏီက အစုရှယ်ယာ အရောင်းအဝယ်လုပ်တာ ဖြစ်ပါတယ်။

ရှယ်ယာဈေးနှုန်းတွေကို LED ဘုတ်နဲ့ ပြထားပြီး လာရောက်ကြည့်ရှုသူတွေလဲ များခဲ့ပါတယ်။

ကနဦးစဖွင့်ချင်းမှာ FMI ကုမ္ပဏီက အစုရှယ်ယာအသစ်တွေ ထုတ်ရောင်းတာမျိုး မဟုတ်ပဲ အရင်က ထုတ်ရောင်းထားပြီး ရှယ်ယာတွေကို အရောင်းအဝယ်လုပ်တာပါ။

FMI ကုမ္ပဏီက ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေလုပ်တဲ့ အများပိုင်ကုမ္ပဏီဖြစ်ပါတယ်။

မတ်လ ၂၅ ရက် စဖွင့်တဲ့ နေ့မှာ ရှယ်ယာတစ်ခုကို (၂၆၀၀၀)နဲ့ ဈေးဖွင့်ပြီး ဈေးပိတ်ချိန်မှာတော့ (၃၁၀၀၀)အထိ ဈေးပေါက်ခဲ့ပြီး ရှယ်ယာပေါင်း (၁)သိန်း (၁)သောင်း (၂)ထောင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

အချိန်တိုအတွင်း စတော့ဈေးကွက် အောင်မြင်လာမယ်လို့ ရန်ကုန်stock exchange က အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောပါတယ်။

ဧပြီလ မှာ ရှယ်ယာရောင်းချခွင့်ကို နောက်ထပ် အများပိုင်ကုမ္ပဏီ တစ်ခုကို ထပ်ချပေးမှာ ဖြစ်ပြီး ခွင့်ပြုချက် ရထားတဲ့ ကုမ္ပဏီတွေ(၆)ခုလုံးကို တခုချင်းစီ ရောင်းချခွင့်ပေးမှာ ဖြစ်ပါတယ်။

အစုရှယ်ယာ ထုတ်ရောင်းကြမယ့် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုမှာ ချွတ်ချော် တာမျိုးတွေ ရှိနိုင်တယ်ဆိုပေမယ့် ရှယ်ယာအရောင်းအဝယ်လုပ်သူတွေကို အထိအခိုက်နည်းအောင်လုပ်ထားတယ်လို့ ရန်ကုန် stock exchange က ဦးသက်ထွန်းဦးက ပြောပါတယ်။

လက်ရှိမှာငွေကြေးရှိသူ တချို့ကပဲ ရှယ်ယာအရောင်းအဝယ်လုပ်ဖို့ စိတ်ဝင်စား နေကြတာ ဖြစ်ပြီး အများစုကတော့ stock exchange ဈေးကွက်ဆိုတာကို ကောင်းကောင်းနားမလည်ကြသေးလို့ ရင်းနှီးမြုပ်နှံမှု သိပ် မရှိသေးကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ