ဧပြီလ ကစပြီး ဖုန်းခွန် ၅% ပေးဆောင်ရမယ်

  • 26 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မိုဘိုင်းဖုန်း သုံးစွဲတဲ့ အခါတိုင်းမှာ အခွန် ၅ % ကို ကျသင့်ငွေတွေမှာ ထည့်သွင်းကောက်ခံမယ်လို့ MPT, Ooredoo, Telenor ဆက်သွယ်ရေး ကုမ္ပဏီ တွေက ထုတ်ပြန်

ဧပြီလ (၁)ရက်နေ့ကနေ စပြီး မိုဘိုင်းဖုန်းသုံးစွဲသူတွေဟာ ကုန်သွယ်လုပ်ငန်းခွန် ၅ % ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း သုံးစွဲတဲ့ အခါတိုင်းမှာ အခွန် ၅ % ကို ကျသင့်ငွေတွေမှာ ထည့်သွင်းကောက်ခံမယ်လို့ MPT, Ooredoo, Telenor ဆက်သွယ်ရေး ကုမ္ပဏီ တွေက ထုတ်ပြန်ပါတယ်။

ဝေဖန်မှုတွေ နဲ့ ကန့်ကွက်မှုတွေ ရှိခဲ့လို့ ဆိုင်းငံ့ ထားခဲ့ရတဲ့ ဖုန်းသုံးစွဲမှု နဲ့ အင်တာနက်သုံးစွဲမှုတွေကို အခွန်ငွေ ၅ % ကောက်ခံမယ့် အစီအစဉ်ဟာ အခုတော့ အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

ဧပြီလ (၁)ရက်နေ့ကနေ စလို့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေဟာ ဖုန်းငွေဖြည့်ကဒ် ဖြည့်ကတည်းက ကောက်ခံတဲ့ ပုံစံ နဲ့ သုံးစွဲမှုပမာဏအပေါ်မူတည်ပြီး ကောက်ခံတဲ့ ပုံစံ (၂)မျိုး ရှိပြီး ဘယ်လိုမျိုးကောက်ခံမလဲဆိုတာကိုတော့ တိတိကျကျ မပြောသေးပါဘူး။

ကောက်ခံ ရထားတဲ့ အခွန်ငွေတွေကို ဆက်သွယ်ရေး ကုမ္ပဏီကြီး တွေကနေ ပြည်တွင်း အခွန်များ ဦးစီးဌာန ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က သုံးစွဲသူများ ကိုယ်စား ကုမ္ပဏီတွေကနေ အခွန်ကောက်ပြီး ငွေပေးသွင်း ရတဲ့ ပုံစံ ဖြစ်ပြီး အခွန်ကောက်ခံတဲ့ ပုံစံ ၂ မျိုး ရှိမယ်လို့ ပြောပါတယ်။

ငွေ တစ်ထောင်ကျပ် ထည့်သွင်းတိုင်း ၄၈ ကျပ် အခွန် ကောက်တဲ့ ပုံစံ ဒါမှ မဟုတ် သုံးစွဲမှု အပေါ်မှာ ၅ ရာခိုင်နှုန်း အခွန် ကောက်တဲ့ ပုံစံ ထဲကမှ ၅ ရာခိုင်နှုန်း ကောက်ယူတဲ့ ပုံစံမျိုးနဲ့ အခွန် ကောက်ယူဖို့ များတယ်လို့ ပြောပါတယ်။

MPT, Ooredoo, Telenor နဲ့ စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းတွေ ချပေးတဲ့ MEC TEL ဆက်သွယ်ရေးအော်ပရေတာတွေ က မိုဘိုင်းသုံးစွဲသူတွေကို သူတို့ ဖုန်းအင်တာနက်နဲ့ ဖုန်းသုံးစွဲမှု အပေါ် မူတည်လို့ အခွန်ငွေ ၅ % ဖြတ်တောက်မယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

အခွန်တွေ ကောက်တဲ့ အပေါ် မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ ကတော့ စိုးရိမ်မှုနဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အခု အခွန်ငွေ ကောက်ခံမယ့် အစီစဉ်ဟာ အိမ်မှာ တပ်ထားတဲ့ ကြိုးဖုန်းတွေ မပါဘူးလို့ သိရပါတယ်။

မိုဘိုင်း ဖုန်းသုံးစွဲသူတွေ ဆီကနေ အခွန် ၅% ကောက်ဖို့ ၂၀၁၅ မေလ လောက်က အစိုးရက ထုတ်ပြန် ကြေညာရာမှာ ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ရှိခဲ့ပြီးနောက် ဒါကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကင်းလွှတ်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ခဲ့ပါတယ်။

ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ပထမကြိမ် လွှတ်တော် အစည်းအဝေးက အခွန်ငွေ ၅ % ကောက်ဖို့ အတည်ပြု ဆုံးဖြတ်ခဲ့ပြီး ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး ကုမ္ပဏီကြီး တွေကို ညွှန်ကြားချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ