တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ဒီနေ့ အတည်ပြုမယ်

  • 27 မတ် 2016
u_nyi_pu_rakhine_pm
Image caption NLD ရဲ့ မူဝါဒ နဲ့အညီ အပြန်အလှန် လေးစားမှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုမယ် လို့ ဦးညီပုက ဘီဘီစီကို ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခု ရဲ့ အစိုးရ အဖွဲ့တွေ ကို ဦးဆောင်မယ့် ဝန်ကြီးချုပ် နေရာတွေ အတွက် သမ္မတ အဖြစ် တင်မြှောက် ခံထားရတဲ့ ဦးထင်ကျော်က လျာထား အဆိုပြု ထားသူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီးမှာ ဒီကနေ့ မတ်လ ၂၈ ရက် တနင်္လာနေ့မှာ အတည်ပြုဖို့ ရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့တွေ ကိုလည်း သူတို့ ဦးဆောင် ဖွဲ့မှာ ဖြစ်တယ်လို့ ပြောထားခဲ့တဲ့ အတိုင်း ဝန်ကြီးချုပ် ၁၄ ဦး စလုံးကို NLD ပါတီဝင် တွေထဲက ရွေးချယ် ထားပါတယ်။

ရွေးကောက်ပွဲတုန်းက ရခိုင် ပြည်နယ်လွှတ်တော် အတွက် နေရာအများစု နိုင်ထားတဲ့ ရခိုင် အမျိုးသားပါတီ ANP က ရခိုင် ဝန်ကြီးချုပ် နေရာ ကို အပြင်းအထန် တောင်းဆို နေပေမယ့် NLD ပါတီဝင် ဦးညီပုကို သမ္မတသစ် ဖြစ်လာမယ့် ဦးထင်ကျော်က အဆိုပြု ထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ရင် ပြည်နယ်လွှတ်တော် အနေနဲ့ သမ္မတက အမည်စာရင်း တင်သွင်းတဲ့သူကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားပါတယ်။

NLD ရဲ့ မူဝါဒ နဲ့အညီ အပြန်အလှန် လေးစားမှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုမယ် လို့ ဦးညီပုက ဘီဘီစီကို ပြောပါတယ်။

အခုလို ရခိုင်ဝန်ကြီးချုပ် အဖြစ် ဦးညီပုကို လျာထားကြောင်း တရားဝင် ထွက်ပေါ် လာတဲ့ အချိန်မှာပဲ ANP ပါတီက သူတို့သာ ပြည်နယ်ဝန်ကြီးချုပ် နေရာနဲ့ ပြည်နယ် အစိုးရ ဦးဆောင် ဖွဲ့ခွင့်ကို မရရင် အတိုက်အခံ အနေနဲ့ ရပ်တည် သွားမယ် ဆိုတဲ့ မူကို ဆုပ်ကိုင် သွားမှာ ဖြစ်ကြောင်း ANP ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးဖိုးမင်းက ဘီဘီစီကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ