ဖွဲ့စည်းပုံခုံရုံး အဖွဲ့ဝင်တွေကို အတည်ပြု

New Myanmar President U Htin Kyaw
Image caption သမ္မတသစ်နဲ့ အစိုးရ အဖွဲ့သစ် မတ်လ ၃၀ ရက်နေ့မှာ ကျမ်းကျိန်မယ်

မြန်မာနိုင်ငံရဲ့ သမ္မတသစ် အဖြစ်ရွေးချယ်ခံ ထားရတဲ့ ဦးထင်ကျော် အဆိုပြု တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၈ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင် တို့ကို တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးထွန်းလင်းဦးက ကန့်ကွက်ခဲ့ ပေမဲ့ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

အဖွဲ့ဝင်အဖြစ် လျာထားတဲ့ ဒေါ်ခင်ဌေးကြွယ်ရဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်းမှာ တရားလွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့ နှစ်ကို ဖော်ပြမထားလို့ ကန့်ကွက်တာ ဖြစ်ပြီး ဦးတွာလ်ကျင်ပေါင် ကိုတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်တဲ့ ဥပဒေအရာရှိ အဖြစ် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ဖူးခြင်း ရှိမရှိ စိစစ်ဖို့ ခက်တယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ သူက ကန့်ကွက်တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင်ဟာ တရားလွှတ်တော်ရှေ့နေ အဖြစ် အနည်းဆုံး နှစ်ပေါင်း ၂၀ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

အခု အဆိုပြုထားတဲ့ ခုံရုံးအဖွဲ့ဝင် တွေဟာ ဒီရာထူး တာဝန်တွေ ပေးဖို့ အရည် အချင်းတွေနဲ့ ပြည့်စုံတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက က ပြန်လည် ရှင်းလင်း တင်ပြခဲ့ ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုဟာ အထောက်အထား မခိုင်လုံပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု ရှိအောင် ဆိုပြီး မဲခွဲ အတည်ပြုဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဆုံးဖြတ်ခဲ့ ပါတယ်။