အစိုးရသစ်မှာ ပါရင် သိန်း၅၀၀လျော်ရမယ်လို့ ANP ပြော

Image caption ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် NLD ပါတီက ဉီးညီပုကို ခန့်အပ်ခဲ့

ရခိုင်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းရာမှာ ရခိုင် အမျိုးသားပါတီ ပါဝင်ရေးနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ ရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ ANP ရခိုင်အမျိုးသားပါတီ က သူ့ ပါတီဝင်တွေ ပါတီ ခွင့်ပြုချက်မရပဲ အစိုးရသစ် အဖွဲ့ထဲမှာ ဝန်ကြီး တာဝန်ယူရင် အရေးယူခံရမယ်၊ သိန်း၅၀၀ လျော်ရမယ်လို့ ကန့်သတ် ထုတ်ပြန်ထားပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တခြားကို ကူးပြောင်းမသွားရအောင် ရည်ရွယ်ပြီး ဒီစည်းကမ်း သတ်မှတ်ချက်တွေကို ရွေးကောက်ပွဲ အပြီး ၂၀၁၆ ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး တခြားပါတီရဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်တဲ့အခါ ပါတီရဲ့ ခွင့်ပြုချက်မယူပဲ လုပ်ကိုင်ဆောင်ရွက်ရင် သိန်း၅၀၀ လျော်ရမယ်၊ ပြင်းပြင်းထန်ထန် ပြစ်တင် အရေးယူ ခံရမယ်လို့ ANP ဒုတိယ ဥက္ကဌ ဉီးခိုင်ပြည်စိုးက ပြောပါတယ်။

ဒီလို လုပ်တာဟာ ပါတီအပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လောက်ထိ သစ္စာ ခံယူမှု ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုယ်ကျင့်သိက္ခာပိုင်းအရ စည်းမျဉ်း ကန့်သတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင်းမှာ ပါဝင်ဖို့ ဆွေးနွေးလာမယ် ဆိုရင် ANP ပါတီဘက်က ဆွေးနွေးဖို့ အသင့်ရှိကြောင်း၊ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူလိုတာဟာ ဒေသန္တရ ဖွံ့ဖြိုးရေးကို ပိုဆောင်ရွက်ဖို့ ဖြစ်ပြီး ဒါမှမဟုတ်ရင် ဝန်ကြီးနေရာ များများစားစား ရဖို့ကိုတော့ လိုလားကြောင်း၊ အရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အစိုးရ လက်ထက်တုံးက ANP ပါတီက အရေးမပါတဲ့ ဝန်ကြီးနေရာ ၃ခုကိုသာ ရခဲ့ပြီး ဘာမှ ဆောင်ရွက်ပိုင်ခွင့် မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

အရင်အစိုးရ လက်ထက်တုန်းကလည်း ဗဟိုက ချုပ်ကိုင်ထားခဲ့ပြီး အခု အစိုးရသစ် လက်ထက်မှာလည်း ဗဟိုကပဲ ချုပ်ကိုင်ထားမှာ ဖြစ်တဲ့အတွက် ဒီအစိုးရနှစ်ဖွဲ့ဟာ ရွေးကောက်ခံ၊ မရွေးကောက်ခံ ဆိုတာကလွဲလို့ အတူတူပဲ ဖြစ်တယ်လို့ ANP ဒုတိယ ဥက္ကဌ ဉီးခိုင်ပြည်စိုးက ပြောပါတယ်။

မတ်လ ၂၈ရက်နေ့တုန်းကတော့ ရခိုင်ပြည်နယ် လွှတ်တော် မှာ NLD ပါတီက ဦးညီပု ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုကြောင်း အမည်စာရင်းတင်ခဲ့ချိန်မှာ ရခိုင် အမျိုးသားပါတီက လွှတ်တော် အမတ်၁၉ဦးက ကန့်ကွက်တဲ့ အနေနဲ့ လွှတ်တော် ကနေ ထွက်သွားခဲ့ကြပါတယ်။

တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေကို NLD ပါတီကပဲ ဦးဆောင် ဖွဲ့စည်းမယ်လို့ ပြောထားတဲ့ အတိုင်း ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် ၁၄ ယောက် စလုံး ကို NLD ပါတီ ကိုယ်စားလှယ် တွေကိုပဲ ခန့်ထားပါတယ်။