ရခိုင်ပြည်နယ်မှာ အရေးပေါ် အမိန့်ရုပ်သိမ်း

  • 29 မတ် 2016
Rakhine Riots ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၂ ခုနှစ်ကစပြီး အရေးပေါ်အမိန့် ကြေညာ ထားခဲ့

မြန်မာ နိုင်ငံမှာ အစိုးရသစ်ကို တာဝန် လွှဲပြောင်းပေးဖို့ ရက် ပိုင်း လိုတော့ချိန်မှာပဲ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် တစ်ခုလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အမိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောက လွဲလို့ ပြည်နယ် တစ်ခုလုံးမှာ ထုတ်ပြန်ထားတဲ့ ကာဖျူး အမိန့်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမှာတော့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီ အထိအပြင်မထွက်ရဆိုတဲ့ ပုဒ်မ ပုဒ်အမ ၁၄၄ ကာဖျူး အမိန့်ကို ဆက်လက် ထားရှိပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် ၂၀၁၂ ခုနှစ် ဇွန်လစပြီး နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ကာလုံ အဖွဲ့က ဒီအမိန့်ကို ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေ ကြေညာဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရက ကာလုံ အဖွဲ့ကို တင်ပြတဲ့ အတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ တာပါ။

၂၀၁၄ နဲ့ ၂၀၁၅ နှစ်တွေ အတွင်း ရခိုင်ပြည်နယ်မှာ ဘာပြသနာမှ မရှိဘဲ တည်ငြိမ်အေးချမ်း လာတယ်လို့ ရခိုင်ပြည်နယ် အစိုးရက ကာလုံကို တင်ပြတဲ့ အတွက် ခုလို ကာလုံက ရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမှာတော့ ဆက်ထားရှိဖို့ လိုအပ်တယ်လို့ ယူဆတဲ့ အတွက် ထားရှိတာလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြို့ခံ တစ်ယောက် ဖြစ်တဲ့ ဦးခင်မောင်သန်းက လည်း နယ်စပ် ဒေသတွေမှာ တည်ငြိမ်ပေမဲ့ လုံခြုံရေး အားနည်းတဲ့ အတွက် ညမထွက်ရ အမိန့် ဆက်လက် ထားရင် ကောင်းမယ်လို့ ယူဆကြောင်း ပြောပါတယ်ဈ

ရခိုင်ပြည်အတွင်း ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ဆက်လက်ရှိနေဆဲ ဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုမှာ ညနေ ၁၁ နာရီ က နံနက် ၄ နာရီ အတွင်း လူတွေရဲ့ အပြင်ထွက်သွားလာခွင့်ကို ပိတ်ပင် ထားတာက ၄ နှစ်နီးပါး ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ