အာဏာလွှဲပြောင်းမှု ဘာကြောင့် ချောမွေ့သလဲ

  • 30 မတ် 2016
U Htin and U Thein Sein
Image caption သမ္မတ အဆောင်အယောင်ကို ဦးသိန်းစိန်ထံကနေ ဦးထင်ကျော် လွှဲပြောင်းရယူ

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရ အဖွဲ့က ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတ ဦးသိန်းစိန် အစိုးရထံကနေ မတ်လ ၃၀ ရက်နေ့က အာဏာလွှဲပြောင်း ယူခဲ့ပြီဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် အရပ်သား သမ္မတ ဦးဆောင်တဲ့ အစိုးရ အာဏာရယူနိုင်တာဟာ သမိုင်းဝင် ထူးခြားတဲ့နေ့လို့ ဆိုနိုင်ပါတယ်။

အာဏာလွှဲပြောင်းမှုဟာလည်း ချောချောမွေ့မွေ့ ဖြစ်ခဲ့တယ်လို့ NLD ပါတီဘက်ကရော လေ့လာ စောင့်ကြည့်သူတွေကပါ ပြောကြပါတယ်။

အကြောင်းကတော့ အခု အာဏာလွှဲပြောင်းမှုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပြီး တပ်မတော်ရဲ့ အခန်း ကဏ္ဍ ဆုတ်ယုတ်သွားစရာ မရှိတဲ့ အတွက် လွှဲပေးတာလို့ မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၅ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံမှာ စစ်အစိုးရ ပုံစံမျိုး အုပ်ချုပ်ခဲ့ပြီး ၂၀၁၀ မှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့ ပထမပိုင်း ကာလမှာ နိုင်ငံတကာရဲ့ ထောက်ခံမှုက အားရလောက်စရာ မရှိခဲ့ပေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူနဲ့ NLD ကို လွှတ်တော်ထဲ ဖိတ်ခေါ်လိုက်တဲ့ အခါ နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာတွေ တွေ့လာရတယ်လို့ သူက ပြောပါတယ်။

အဲဒီ အတွေ့အကြုံအရ တိုင်းပြည်မှာ အထီးကျန် နေရင် စီးပွားရေး သံတမန်ရေး အခက်အခဲတွေ ရှိလာတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး နည်းလမ်း တစ်ခု အနေနဲ့ အရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ဆုံးဖြတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက သုံးသပ် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်း ကဏ္ဍကတော့ လာမယ့် ၅ နှစ်တာ ကာလ အတွင်း အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်ဖို့ နဲ့ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ရေးမှာ အရေးကြီးတယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် တပ်နဲ့ အရပ်ဖက် အဆင်ပြေရေးသာမက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ အဆင်ပြေဖို့တို့မှာလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်း ကဏ္ဍက ကြီးကြီးမားမား ဆက်ရှိနေလိမ့်မယ်လို့ ဒေါက်တာ သောင်းထွန်းကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ