သမ္မတသစ် ဦးထင်ကျော် တာ၀န်လွှဲပြောင်း ရယူပြီ

Image caption သမ္မတသစ် ဦးထင်ကျော်နဲ့ သမ္မတဟောင်း ဦးသိန်းစိန် တို့ကို အာဏာအပ်နှင်းပွဲမှာ တွေ့ရပုံ

သမ္မတဟောင်း ဦးသိန်းစိန် ဆီကနေ သမ္မတသစ် ဦးထင်ကျော် အာဏာလွှဲပြောင်း ရယူတဲ့ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

သမ္မတသစ် ဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော် ထံသို့ တာ၀န်နဲ့ အဆောင်အယောင် ၊ ရွှေစလွယ် တို့ကို သမ္မတ အိမ်တော်မှာ ဗုဒ္ဓဟူးနေ့ မနက်က လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အရပ်သား တစ်ဦး ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ရာမှာ အမျိုးသား ရင်ကြားစေ့ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး တို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူ လူထု အများစုရဲ့ လူနေမှု ဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေး တို့ကို အကောင်အထည် ဖော်ဆောင်သွားမှာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေးနက်စွာ တင်ပြလိုတဲ့ အချက်ကတော့ နိုင်ငံတော်နဲ့ သင့်တော်မဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လဲ ဆောင်ရွက်ရမည့် တာဝန်ရှိပြီး နှစ်ရှည်လများ ပြည်သူလူထု လိုလား တောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာဖို့ စိတ်ရှည်သည်းခံကာ ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားသလို ယခု ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ ဆန္ဒတွေ ပြည့်ဝစေဖို့ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ထား ပြောကြား သွားခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို သမ္မတ ၊ ဒုသမ္မတတွေ အပြင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ်တို့လည်း တက်ရောက်ခဲ့ ပါတယ်။

အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ တက်ရောက် ကျမ်းသစ္စာကျိန် ဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ