နိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းတင်မယ်

  • 31 မတ် 2016
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံ ဥပဒေ အရ သမ္မတ ဖြစ်ဖို့ တားမြစ် ခံထား ရ

သမ္မတသစ် ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တရားဝင် ဥပဒေပြု ခန့်အပ် နိုင်ဖို့ ဥပဒေကြမ်း တစ်ရပ် ကို လွှတ်တော်ရဲ့ ဥပဒေမူကြမ်း ကော်မတီ ထံကို တင်သွင်းထားတယ်လို့ ဘီဘီစီ အနေနဲ့ စုံစမ်း သိရပါတယ်။

ဒီဥပဒေရဲ့ အနှစ် သာရ က ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်နိုင်ငံလုံးက လေးစား ချစ်ခင် အားကိုးတဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး ထိုက်တန်တဲ့ တာဝန်တွေ ပေးအပ်ဖို့ အတွက် နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံ ဥပဒေ အရ သမ္မတ ဖြစ်ဖို့ တားမြစ် ခံထား ရတာကြောင့် ထိုက်တန်တဲ့ ရာထူး တာဝန်ကို ပေးအပ်ဖို့ အခု ဥပဒေ ကြမ်းကို တင်သွင်းဖို့စီစဉ်တာ ဖြစ်နိုင်တယ်လို့ NLD ပါတီ ဥပဒေ အကြံပေး ဦးကိုနီက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ မှာ ပြဌာန်းချက်များ နဲ့ မဆန့်ကျင် စေဘဲ ပြည်ထောင်စု လွှတ်တော်က ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခု ကို ဖြစ်စေ အုပ်ချုပ်ရေး အာဏာကို ပေး နိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု ပေါ်ပေါက်ရေး ကို ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာလည်း ဖော်ပြ ခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ သစ် ဦးထင်ကျော်က မိန့်ခွန်း ပြောကြားခဲ့ရာမှာလည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမယ်လို့ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

သမ္မတ က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်ဖို့ လွှတ်တော်ကို အဆိုပြု တင်ပြ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက် ရေးကို ဆက်လက် ကြိုးစားဖို့ ရှိနေကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ