ပြုပြင်ပြောင်းလဲရေး ခရီးကြမ်းနဲ့ မြန်မာပြည်

  • 30 မတ် 2016
Image caption သမ္မတသစ် လက်ထဲ အာဏာလွှဲခဲ့တဲ့ ဦးသိန်းစိန်

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ရန်ကုန် မန္တလေးသွား ညရထားခရီးလိုပါဘဲ ၊ အဆင်းအတက် ကြမ်းပြီး ချောမော ပြေပြစ်မှု မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ပြုပြင်ပြောင်းလဲရေး အရှိန်ဟာ လျော့ကျသွားတယ်လို့ တချို့ က ပြောကြသလို ၊ တချို့ကလည်း ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်သွားပြီလို့ ပြောတဲ့ လူတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းကတော့ မြန်မာ နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝိုင်း၀န်း ဖယ်ကျဉ်ထားတာ ခံခဲ့ရပြီး နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ ခံခဲ့ရသလို လူတွေ အနေနဲ့လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းဆိုရင် စိတ်ထဲရှိသမျှ မပြောရဲတဲ့ အပြင် အကျဉ်းထောင်တွေထဲမှာလဲ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

အခုတော့ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထဲ အာဏာကို လွှဲအပ်ခဲ့ပါပြီ။

တချိန်က စစ်တပ် အုပ်ချုပ်ခံ ဘ၀မှာ အစိုးရကို ဝေဖန်ခဲ့သူတွေဟာ ထောင်ချခံခဲ့ကြရတဲ့ အနေအထား ကနေ အခုတော့ လူပုံ အလယ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ငြင်းခုန် ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ကြပါပြီ ၊ စီးပွားရေးလည်း အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပြီး ဆက်သွယ်ရေး ၊ ကြေးနန်းနဲ့ စာတိုက် လုပ်ငန်းဆိုင်ရာ အပိုင်းမှာလည်း ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာနေသလို လူတော်တော်များများမှာလည်း လက်ကိုင်ဖုန်းတွေ ကိုယ်စီ ရှိလာကြပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် အတွင်းမှာ ရိုဟင်ဂျာ အရေးဟာ ကြီးထွားလာခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ဆွေးနွေးမှုတွေမှာ ထင်သလောက် ခရီးမပေါက်တာတွေ ရှိခဲ့ပေမယ့် အခြေခံ လူတန်းစားတွေရဲ့ လူမှုဘ၀ တွေကတော့ အထိုက်အလျောက် မြင့်တက် ခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ သူ့ရဲ့ ပြီးခဲ့တဲ့ သမ္မတ သက်တမ်း အတွင်း စစ်အုပ်ချုပ်ရေး ကနေ ဒီမိုကရေစီ ဘက်ဆီ ရောက်အောင် အတန်အသင့် ဆောင်ကျဉ်းပေးနိုင်ခဲ့သလို စီးပွားရေး ကျဆင်းမှု ကနေ ရုန်းထွက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ငါးနှစ်တာ အတွင်း မြန်မာပြည်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိခဲ့တယ်လို့ တချို့ကလည်း သုံးသပ်ကြပါတယ်။

အခုတော့ နောက်လာမယ့် အစိုးရက ဘယ်လိုများ စွမ်းဆောင်ပြီး လူထုရဲ့ ဆန္ဒ လိုအင်တွေ ဘယ်အထိ ဖြည့်စွမ်းပေးနိုင်မလဲ ဆိုတာကိုတော့ အများက စောင့်ကြည့်နေကြမှာ ဖြစ်တယ်လို့ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်က မြန်မာနိုင်ငံ ဆိုင်ရာ သတင်းထောက် ဂျိုနာ ဖစ်ရှာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ