နိုင်ငံပိုင် သတင်းစာတွေ အသွင်ပြောင်း

  • 31 မတ် 2016
The Mirror Newspaper ဓာတ်ပုံ မူပိုင် Mirror Newspaper
Image caption အနီရောင် နောက်ခံ၊ အနီရောင်စာလုံးတွေနဲ့ အသွင်ပြောင်း ရေးသား

မတ်လ ၃၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ အသွင် ပြောင်းလဲ ထုတ်ဝေကြတာ တွေ့ရပါတယ်။

အစိုးရသစ် အာဏာလွှဲ ပြောင်းရယူခဲ့ပြီး နောက်တစ်နေ့မှာ မြန်မာနိုင်ငံအတွက် သမိုင်းသစ် စပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့ အလင်း သတင်းစာမျက်နှာဖုံးမှာ ရေးသားသလို ကြေးမုံ သတင်းစာ မှာလည်း နှစ်ပေါင်း ၅၀ သမိုင်းမှာ အမြင့်မားဆုံး အပြောင်းအလဲ ဆိုတဲ့ ခေါင်းစဉ်ကို အနီရောင်စာလုံးနဲ့ ဖော်ပြထားပါတယ်။

အင်္ဂလိပ်လိုထုတ်တဲ့ New Light of Myanmar သတင်းစာမှာတော့ Transition Complete ဆိုပြီး မျက်နှာဖုံး သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ကြေးမုံ သတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင် ကတော့ ပြန်ကြားရေး ဝန်ကြီး အသစ်ရဲ့ လမ်းညွှန်မှု အရ အစိုးရသစ် စတင် တာဝန်ယူတဲ့ အချိန်မှာ ထူးထူးခြားခြား အသွင်ပြောင်းအောင် ရေးသား ဖော်ပြခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ သတင်းစာတွေဟာ အရင်ကတော့ အစိုးရ အာဘော်တွေကိုသာ ဖော်ပြခဲ့ကြရာက နောက်ပိုင်းမှာတော့ ပြည်သူကို ဗဟိုပြုတဲ့ သတင်းတွေကို ဦးစားပေးလာပြီး ရာခိုင်နှုန်း အားဖြင့် အစိုးရ ၆၀ ပြည်သူ အတွက် ၄၀ ထားပြီး ဖော်ပြလာတယ်လို့ သူက ပြောပါတယ်။

နောက်ပိုင်းမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ဖော်ပြနိုင်အောင် ကြိုးစားမယ်လို့လည်းဆိုပါတယ်။

အစိုးရ အာဘော် သက်သက်ကိုသာ ဖော်ပြတဲ့ သတင်းစာမျိုး မဖြစ်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အဲဒီလို လုပ်နိုင်အောင် စွမ်းရည်တက်ဖို့အတွက် လေ့ကျင့် သင်ယူတာတွေ လုပ်ဖို့ လိုတယ်လို့ ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

အခုလို ရေးသားဖော်ပြရာမှာ အရင်က အမြင်တွေ အယူအဆနဲ့ ခံယူချက်တွေကို ပြောင်းလဲပစ်ခဲ့ရပြီး အခက်အခဲတော့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရ သတင်းစာလို့ သတ်မှတ်ခံခဲ့ရတဲ့ ဒီသတင်းစာတွေဟာ အခု NLD အစိုးရသစ်ရဲ့ သတင်းစာ ဖြစ်သွားပြီလို့ အပြောမခံရအောင် သတင်းသမားတို့ရဲ့ ကျင့်ဝတ်အတိုင်း ဘက်မလိုက်တဲ့ ရေးသားဖော်ပြဖို့ ခံယူထားကြောင်းနဲ့ အစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြတာ ဝေဖန်တာ တွေ ပြုလုပ်ပြီး မှန်မှန်ကန်ကန် ဖော်ပြပေးသွားမယ့်အကြောင်း ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

အရင်အစိုးရခေတ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ အတိုက်အခံ ပါတီ အကြောင်း သတင်းစာတွေမှာ မဖော်ပြခဲ့တာက ဒီအကြောင်းတွေ မထည့်ဖို့ သတင်းစာတွေကို ညွှန်ကြားထားလို့ မဟုတ်ဘဲ နှစ်ပေါင်းများစွာ အစိုးရ အမှုထမ်း လုပ်ခဲ့ကြသူတွေ အနေနဲ့ အကြောက်တရားလွှမ်းမိုးနေခဲ့ကြလို့သာ ဖြစ်တယ်လို့ ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ