တပ်မတော်တွင်း ရာထူး အပြောင်းအလဲ တချို့လုပ်

Image caption အတိုက်အခံအဖြစ်ကနေ အစိုးရ ဖြစ်လာတဲ့ NLD ပါတီရဲ့ ဖိအားပေးမှုကို လွှတ်တော်တွင်းမှာ တပ်မတော် ဆက်တိုက်ခံရဖို့ ရှိ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဆုံး အရပ်သား စစ်စစ် အစိုးရသစ်က တာဝန်တွေ လွှဲပြောင်းယူခဲ့ချိန်မှာပဲ တပ်မတော်တွင်းမှာ ရာထူး အပြောင်းအလဲ တချို့ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တပ်မတော် အရာရှိကြီး ၁၃ဉီးကို တချို့ကို ရာထူး တိုးမြှင့်ပေးခဲ့ပြီး တချို့ကိုတော့ နေရာပြောင်းရွှေ့ ခန့်ထားလိုက်တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့ စာရင်းအရ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ကို စစ်ဥပဒေ အရာရှိချုပ်အဖြစ် အပါအဝင် တိုင်းမှူးတချို့ အရွှေ့အပြောင်း လုပ်ခဲ့တာ တွေ့ရပါတယ်။

ဖြစ်ပေါ်လာတဲ့ အနေအထားအရ တပ်မတော်သား တချို့ အရပ်ဘက်ကို ရောက်သွားတာတွေ၊ အစိုးရအဖွဲ့ထဲ ဝင်သွားတာတွေကြောင့် တပ်မတော်အနေနဲ့ အခင်းအကျင်း ပြောင်းလဲ ဖွဲ့စည်းခဲ့ပုံ ရပြီး နောင်မျိုးဆက်သစ်အတွက် ကြိုတင်ပြင်ဆင် လျာထားဖို့ လုပ်ခဲ့ပုံ ရတယ်လို့ တပ်မတော် အရာရှိဟောင်း တယောက် ဖြစ်တဲ့ မြန်မာရီဗျူး ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးရဲမိုးက သုံးသပ်ပါတယ်။

အရင်က အတိုက်အခံပါတီဟာ လမ်းပေါ်က လူထု တိုက်ပွဲ ပုံစံမျိုးနဲ့ တိုက်ခဲ့ပေမယ့် အခုအခါ တရားဝင် အစိုးရ ဖြစ်လာပြီမို့ ဥပဒေဘောင်အတွင်းကနေ ဖိအားပေးမှုတွေ ဆက်တိုက် လုပ်လာဖို့ ရှိကြောင်းနဲ့ တပ်မတော်အနေနဲ့ ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားရဖို့ ရှိကြောင်း ဦးရဲမိုးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း အခု လုပ်ခဲ့တဲ့ ရာထူး အပြောင်းအလဲတွေဟာ ကြီးမားတဲ့ အပြောင်းအလဲမျိုးလို့တော့ မယူဆကြောင်း သူက ပြောပါတယ်။