အစိုးရနဲ့ ဝန်ထမ်းတွေ တံစိုးလက်ဆောင် လက်မခံဖို့ တားမြစ်

Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် Getty
Image caption ခွင့်ပြု လက်ဆောင်တွေကို အကြိမ်ကြိမ် လက်မခံရ လို့လည်း ဒေါ်စု ညွှန်ကြား

အဂတိလိုက်စားမှုကို အချိန်တို အတွင်းပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပါတယ်။

ဒီလမ်းညွှန်ချက်ကို နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၁ ရက် ရက်စွဲနဲ့ ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး အစိုးရတွေကို ပေးပို့ ထားတယ်လို့ ဧပြီလ ၄ ရက်နေ့က နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဓိက အားဖြင့် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရာထူးကြောင့် အကျိုး ခံစားခွင့် ရလိုတဲ့ အတွက် ပေးတာလို့ ယူဆရတဲ့ လက်ဆောင်တွေကို လက်မခံဖို့ တားမြစ်ထားတာပါ။

ဒါပေမဲ့ ချွင်းချက် အနေနဲ့ အဲဒီ ပုဂ္ဂိုလ်တွေဟာ လူတစ်ယောက်ဆီကနေ ကျပ်နှစ်သောင်းခွဲ ထက်မပိုတဲ့ ပစ္စည်းကို တစ်နှစ်မှာ တစ်သိန်းထက် ပိုလက်မခံရလို့လည်း ညွှန်ကြား ချက်မှာ ပါရှိပါတယ်။

တစ်နှစ်တစ်ခါ အခါကြီး ရက်ကြီးတွေမှာ ဂါရဝ ပြုတဲ့အနေနဲ့ ပေးရင်တော့ ကျပ်ငွေ တစ်သိန်း ထက်မပိုတဲ့ လက်ဆောင်ပစ္စည်းကို လက်ခံနိုင်တယ်လို့လည်း ဖော်ပြပါတယ်။

နိုင်ငံခြား အစိုးရက ပေးတဲ့ လက်ဆောင် ဆိုရင်တော့ တန်ဖိုး လေးသိန်းထက် မပိုတဲ့ လက်ဆောင်ပစ္စည်းတွေကိုသာ လက်ခံနိုင်ပါတယ်။

လက်ဆောင်ပစ္စည်း ပေးအပ်လာခဲ့ရင် လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြဖို့နဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ တွေကို ပေးလာတဲ့ လက်ဆောင်ပစ္စည်းတွေ ကိစ္စကို ဦးစီးရုံးတွေရဲ့ ဒုတိယ ညွန်ကြားရေးမှူးချုပ်တွေက နိုင်ငံတော် သမ္မတရုံး ဝန်ကြီးထံ အမြန်ဆုံးတင်ပြရမယ် လို့လည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ ကန့်သတ်ချက် ဖောက်ဖျက်သူတွေကို ဥပဒေကြောင်းအရ ဘယ်လို အရေးယူမယ် ဆိုတာ မဖော် ပြထားတဲ အတွက် လက်တွေ့ အကောင်ထည်ဖော် နိုင်ပါ့ မလားဆိုတာ လူတွေက မရှင်းမလင်း ဖြစ်နေကြပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကတော့ ကန့်သတ်ချက်ကို မလိုက်နာရင် တာဝန်က ရပ်စဲခံရမယ့် အပြင် ထောင်ကျနိုင်တဲ့ အထိ အရေးယူ ခံရနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ