ပြည်နယ်နဲ့ တိုင်း အစိုးရတွေ ဖွဲ့ပြီ

  • 4 ဧပြီ 2016
yangon
Image caption ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးစာရင်းမှာ NLD တစ်ဦးပဲ ပါဝင်

ရန်ကုန်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ အစိုးရဖွဲ့စည်းဖို့ အမည်စာရင်းတွေကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးမှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေ ၆ ခုကနေ ၈ ခုလောက်ပဲထားရှိပြီး နာမည်စာရင်းတင်သွင်းတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာတော့ အဲန်အယ်လ်ဒီထဲကဆိုရင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းတစ်ဦးပဲပါဝင်ပြီး ကျန်တာတွေကတော့ အစိုးရ ဝန်ထမ်းဟောင်းတွေဖြစ်ကြပါတယ်။ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းကိုလည်း ပြန်ခန့်ထားပါတယ်။ စည်ပင်သာယာရေးဝန်ကြီးဌာနမှာ အငြိမ်းစားပါမောက္ခ ဦးမောင်မောင်စိုး ဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ လျှပ်စစ်၊ စီမံ ဘဏ္ဍာ စတဲ့ ဝန်ကြီးဌာနေတွေမှာ အငြိမ်းစား အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်။ ဝန်ကြီးအများစုက အဲန်အယ်လ်ဒီအမတ်တွေမဟုတ်တဲ့အတွက် အစိုးရနဲ့လွှတ်တော် ပူးတွဲလုပ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ရန်ကုန်တိုင်း အဲန်အယ်လ်ဒီ လွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရမှာတော့ ဝန်ကြီးချုပ်အပါအဝင် ၉ ဦးရှိပြီး အဲန်အယ်လ်ဒီ ပြည်နယ်လွှတ်တော်အမတ်တွေ အများစုပါတဲ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးခွန်ရဲသွေးနဲ့ နယ်လုံဝန်ကြီးတို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ကတိသစ္စာဆိုခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာန ဝန်ကြီး အမည်စာရင်းကို အင်္ဂါနေ့မှာ ပြုလုပ်မယ့် လွှတ်တော်မှာ တင်သွင်းဖို့ရှိတယ်လို့ ဂွမြို့အမှတ် ၁ ပြည်နယ်လွှတ်တော်အမတ် ဦးစိုးဝင်းက ပြောပါတယ်။

ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ အဲန်အယ်လ်ဒီလွှတ်တော် အမတ်တွေများပြီး ပြင်ပက ပညာရှင်တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။