အစိုးရအဖွဲ့တွေထဲ ပါဝင်ဖို့ ကမ်းလှမ်းခံရပေမယ့် SNLD က ငြင်းပယ်ခဲ့တာလို့ ထုတ်ပြော

Image caption SNLD ပါတီ ရဲ့ ဗဟို ကော်မတီ နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် တွေ ကို အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြမယ်။

ရှမ်းပြည်နယ် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင် ဖွဲ့တဲ့ ပြည်နယ် အစိုးရ အဖွဲ့ ဝင် အမည်စာရင်း ဧပြီ ၄ ရက် နေ့က ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပေမယ့် ရှမ်းပြည်နယ် အခြေစိုက် အဓိက တိုင်းရင်းသားပါတီကြီး တစ်ခု ဖြစ်တဲ့ SNLD ပါတီဝင် တစ်ဦးတစ်ယောက်မှ ပါဝင် လာခြင်း မရှိပါဘူး။

ပြည်ထောင်စု အဆင့်မှာရော ပြည်နယ် အဆင့်မှာပါ အစိုးရ အဖွဲ့ထဲ ပါဝင်ဖို့ NLD ပါတီဘက်က ကမ်းလှမ်း ခဲ့ ပေမယ့် ပါတီရဲ့ အခြေအနေ နဲ့ နိုင်ငံရေး ရည်မှန်းချက် တွေ ကြောင့် ငြင်းပယ် ခဲ့တယ် ဆိုပြီး SNLD ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ထဲ ပါဝင်ခြင်း မရှိပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင် ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အားလုံးမှာ NLD ပါတီ နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ SNLD လွှတ်တော် အမတ် တွေကို ပါတီ က လမ်းညွှန် ထားတယ် လို့လည်း ဦးစိုင်းလိတ် က ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော် ပြင်ပ မှာလည်း အားလုံး ပါဝင် တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ပေါ်ပေါက် လာရင် SNLD ဘက်က ပါဝင် ဆွေးနွေးဖို့ အဆင်သင့် ရှိတယ် လို့ ဦးစိုင်းလိတ် က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၅ ရက် အင်္ဂါနေ့ မှာ တော့ SNLD ပါတီ ရဲ့ ဗဟို ကော်မတီ နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် တွေ ကို အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြဖို့ ရှိနေတာ မှာ ဗဟို ကော်မတီ ဝင် ၇၅ ယောက် နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် ၂၅ ယောက် ထားရှိမှာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့မှာ ပြီး ခဲ့တဲ့ တနင်္ဂနွေ ကစလို့ SNLD ပါတီ ရဲ့ မြို့နယ် စုံညီ အစည်းအဝေး ကျင်းပ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ